ပွင့်ဖြူ နိုဝင်ဘာ ၃
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဖူးစားပြောင်း ၇၄၈ ဧကအထိ စိုက်ပျိုးပြီးစီးပြီဖြစ်ပြီး သတ်မှတ်စိုက်ဧက ပြည့်မီစေရန် တောင်သူများက ဆက်လက်ကြိုးပမ်း စိုက်ပျိုးလျက်ရှိသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဖူးစားပြောင်းဧက ၃၀၅၀ စိုက်ပျိုးရန်လျာထားပြီး ယနေ့အထိ ၇၄၈ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ရာ လျာထားချက်ပြည့်မီစေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများနှင့် ပူးပေါင်းကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ပွင့်ဖြူမြို့နယ်၌ ဖူးစားပြောင်းသီးနှံစိုက်ပျိုးရာတွင် တစ်ဧကလျှင် ပြောင်းဖူးရေ ၁၅၀၀၀ ထွက်ရှိပြီး တစ်ဧကစိုက်ပျိုးပါက ငွေကျပ် ငါးသိန်းကျော် ကုန်ကျစရိတ်ရှိကြောင်း၊ ဖူးစားပြောင်းသီးနှံစိုက်ပျိုးခြင်းဖြင့် သီးနှံဝင်ငွေ အကျိုးအမြတ်ရရှိ၍ ဒေသခံတောင်သူများက ဖူးစားပြောင်းသီးနှံအား မိုးရာသီနှင့် ဆောင်းရာသီတို့တွင် အားထားစိုက်ပျိုးကြကြောင်း၊ ဖူးစားပြောင်းကို အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုငပါက ဒေသတွင်းစားသုံးမှုကို ဖူလုံစေမည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)


