ရန်ကုန် နိုဝင်ဘာ ၃

 

ရန်ကုန်တိုင်းဒေသကြီး ၂၀၂၅ ခုနှစ် MSMEs တန်ဆောင်တိုင်ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ဆက်လက်ကျင်းပရာ စိတ်လက်ပေါ့ပါးပျော်ရွှင်စွာ ဝယ်ယူအားပေးကြသူ ပွဲတော်လာပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

 

အဆိုပါ ဈေးရောင်းပွဲတော်ကို နိုဝင်ဘာ ၁ ရက်မှ ၄ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ၊ MSME လုပ်ငန်းရှင်များ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ စက်မှုထုတ်ကုန်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ ဒေသထွက်ကုန် ပစ္စည်းများနှင့် အစားအစာအရောင်းဆိုင်များ၊ စားသောက်ဆိုင်ခန်းများအပါအဝင် ဈေးဆိုင်ခန်း ပေါင်း ၆၃၀ ကျော် ခင်းကျင်းရောင်းချလျက်ရှိပြီး ပြည်တွင်းထုတ်ကုန်ပစ္စည်းများဖြစ်သည့် အဝတ်အထည်များ၊ စားသောက်ကုန်များ၊ အလှမွေးငါးများ၊ အိမ်မွေးတိရစ္ဆာန်များ၊ မြန်မာ့သနပ်ခါးများကို ခင်းကျင်းပြသရောင်းချလျက်ရှိသည့်အပြင် မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်မျာအသင်းက သက်သာသောဈေးနှုန်းများဖြင့် ဆီများကို ရောင်းချပေးလျက်ရှိရာ လာရောက်ကြည့်ရှု ဝယ်ယူအားပေးသူများဖြင့် စည်ကားလျက်ရှိသည်။

 

လာရောက်အားပေး

ဈေးရောင်းပွဲတော်တွင် Talk Show အစီအစဉ်၌ “MSME များအတွက် နည်းပညာဆိုင်ရာနှင့်ပံ့ပိုးမှု များ” ခေါင်းစဉ်ဖြင့် ဆွေးနွေးကြရာ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပွဲတော်လာပြည်သူများက လာရောက် အားပေးကြသည်။

 

ဖျော်ဖြေရေးမဏ္ဍပ်၌လည်း ဖျော်ဖြေရေးအစီအစဉ်များအဖြစ် ဂီတ၊ သဘင်နှင့် ကျော်ကြားသည့် အနုပညာရှင်များ၊ DJ ပညာရှင်များ၊ အကအဖွဲ့များနှင့် မျိုးဆက်သစ်တေးသံရှင်များစွာတို့၏ သီဆိုဖျော်ဖြေမှုများ၊ အလှူရှင်များ၏ နေ့စဉ်စတုဒိသာ ကျွေးမွေးခြင်း၊ ပွဲတော်လာပြည်သူများသွားလာရေး အဆင်ပြေလွယ်ကူစေရန် အကြို/ အပို့ယာဉ်များ စီစဉ်ဆောင်ရွက်ထားခြင်း၊ အလှပန်းခင်းများ၊ အလှမီးများနှင့် မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်းတို့ဖြင့် ပျော်ရွှင်စွာ ဆင်နွှဲနိုင်ကြောင်း သိရသည်။

 

အောင်မြင့်(ပြန်/ဆက်)