ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး H.E.Mr. Andrey Aleksandrovich Travnikov ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ

နေပြည်တော် နိုဝင်ဘာ ၄

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်ဒေသ အုပ်ချုပ်ရေးမှူး H.E.Mr. Andrey Aleksandrovich Travnikov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ယနေ့ နံနက်ပိုင်းတွင် လာရောက်ဂါရဝပြုတွေ့ဆုံသည်။

တက်ရောက်

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အတူကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်ဦးလွင်၊ ဦးချစ်ဆွေ၊ ဒေါက်တာချောချောစိန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်ဒေသ အုပ်ချုပ်ရေးမှူး နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး Mr. Iskander Azizov နှင့် နိုဗိုစီဗစ်ဒေသ အစိုးရအဖွဲ့အကြီးအကဲများ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်ဒေသတို့အကြား ပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများ၊ နိုဗိုစီဗစ်ဒေသ အုပ်ချုပ်ရေးမှူးနှင့် အစိုးရအဖွဲ့ဝင်များအနေဖြင့် မြန်မာနိုင်ငံသို့ရောက်ရှိနေစဉ်အတွင်း မြန်မာနိုင်ငံ၏ သာယာလှပမှု၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာ မြင့်မားပြီး ခမ်းနားထည်ဝါမှုတို့ကို လေ့လာတွေ့ရှိခဲ့ရသည့်အပြင် မြန်မာနိုင်ငံအစိုးရအဖွဲ့ တာဝန်ရှိ သူများနှင့် တွေ့ဆုံဆွေးနွေးမှုများကိုလည်း ဆောင်ရွက်နိုင်ခဲ့သည့် အခြေအနေများ၊ နိုဗိုစီဗစ်ဒေသသို့ ပြန်လည်ရောက်ရှိပါက မြန်မာနိုင်ငံ၏ သာယာလှပမှု၊ ခမ်းနားထည်ဝါ မှုများကို နိုဗိုစီဗစ်ဒေသမှတစ်ဆင့် ရုရှားနိုင်ငံသူ နိုင်ငံသားများ သိရှိနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ နှစ်ဖက်ဆွေးနွေးမှုရလဒ်များကိုလည်း ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်သွားမည့်အခြေအနေများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်အနေဖြင့်လည်း မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံအကြား၊ နိုဗိုစီဗစ်ဒေသတို့အကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး လမ်းညွှန်မှာကြားထားရှိပြီး နိုဗိုစီဗစ်ဒေသအစိုးရ အဖွဲ့အနေဖြင့်လည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ။

မြန်မာနိုင်ငံနှင့် နိုဗိုစီဗစ်ဒေသတို့အကြား စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုဖလှယ် ရေး၊ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး စသည်တို့အပြင် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်း ဆောင်ရွက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံအကြား၊ နိုဗိုစီဗစ်ဒေသတို့အကြား ထုတ်ကုန် ပစ္စည်းများ အပြန်အလှန်တင်ပို့၍ ကုန်သွယ်မှု မြှင့်တင်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံနှင့် နိုဗိုစီဗစ်ဒေသ အပါအဝင် ရုရှားဖက်ဒရေးရှင်း နိုင်ငံတို့အကြား ယဉ်ကျေးမှုအဖွဲ့များ အပြန်အလှန်စေလွှတ်သွားမည့်အခြေအနေများ၊ နိုဗိုစီဗစ်ဒေသ အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် ယခုခရီးစဉ်သည် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ အကြား၊ နိုဗိုစီဗစ်ဒေသတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာစေခဲ့ပြီး အောင်မြင်သည့်ခရီးစဉ်တစ်ခုဖြစ်ခဲ့သည့် အခြေအနေများနှင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်သည့် အခြေအနေများ၊ မကြာမီကာလအတွင်း မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရေးဆောင်ရွက်သွားမည့် အခြေအနေများနှင့် ရွေးကောက်ပွဲကျင်းပပြီးချိန်တွင် မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းသွား မည်ဖြစ်သည့် အခြေအနေများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် နိုဗိုစီဗစ်ဒေသတို့အနေဖြင့်လည်း မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို အားပေးထောက်ခံလျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် နိုဗိုစီဗစ်ဒေသ အုပ်ချုပ်ရေးမှူးတို့သည် လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်