နေပြည်တော် နိုဝင်ဘာ ၄

 

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထား ပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟန်း၊ ရှင်လူအများပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့မှစ၍ စတင်ခွင့်ပြုပေးခဲ့ရာ ပြည်တွင်းပြည်ပမှ ဘုရားဖူးလာရောက်သူများဖြင့် နေ့စဉ်မပြတ် စည်ကားလျက်ရှိသည်။

 

ထိုသို့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ ရဟန်း၊ ရှင်လူအများပြည်သူများ ဖူးမြော်ကြည်ညို နိုင်ရန် စတင်ဖွင့်လှစ်ပေးခဲ့သည့်နေ့မှစ၍ ဘုရားဖူးပြည်သူအများအပြား နေ့စဉ်လာရောက်ဖူးမြော် ကြည်ညိုကြရာ ယနေ့ ၂၀၂၅ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့တွင် ဘုရားဖူးလာသူပြည်သူများ အနက်မှ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ် မရွေးရွာ ဘုန်းတော်ကြီးကျောင်းတိုက်မှ သက်တော် ၃၉ နှစ်၊ ဝါတော် ၁၉ ဝါရှိ ဦးစီးပဓာန ဆရာတော် ဘဒ္ဒန္တ ကုဝေရသည် ဦးရေ သုံးသန်းပြည့်မြောက်သည့် ကံထူးသည့် ဆရာတော်တစ်ပါးဖြစ်ကြောင်း သိရှိရသည်။

 

အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကြသူများအနက် ဦးရေသုံး သန်းပြည့်မြောက်သူအဖြစ် လာရောက်ဖူးမြော်သည့် ဆရာတော်နှင့် ဆွေမျိုးများအား ဘုရားကြီးဂေါပကအဖွဲ့မှ တာဝန်ရှိသူများက ဘုရားကြီးမုဒ်ဦးတွင် ကြိုဆိုနှုတ်ဆက်ကြပြီး မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓဥယျာဉ်အတွင်းရှိ ကျောက်စာရုံစေတီတော်များ၊ အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်၊ ဂန္ဓကုဋိတိုက်များ၊ မုစလိန္ဒကန်၊ နဂါးရုံဘုရား၊ မာရဝိဇယကျောင်းတော်၊ သုဓမ္မာဇရပ်များအား လှည့်လည်ဖူးမြော်ကြည်ညိုကြသည်။

 

ယင်းနောက် ယာယီရှင်းလင်းဆောင်၌ ဘုရားဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မာရဝီဇယရုပ်ပွားတော်မြတ်ကြီးနှင့် သာသနိကအဆောက်အအုံများ တည်ထားကိုးကွယ်မှုဆိုင်ရာများနှင့် ဦးရေ သုံးသန်းမြောက် ဘုရားဖူးလာ ဆရာတော်ဖြစ်လာရသည့် အကြောင်းရင်းအား ရှင်းလင်းပြောကြားသည်။ ၎င်းနောက် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှုအရ ဘုရားဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဦးရေ သုံးသန်းမြောက် ဘုရားဖူးလာ ဆရာတော်အား ဉာဏ်တော် ကိုးလက်မအမြင့်ရှိသော စကျင်ကျောက် ဖြင့် ထုဆစ်ထားသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပုံတော်တူ ဆင်းတုတော်တစ်ဆူ၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး မှန်ပေါင်သွင်းဓာတ်ပုံ တစ်ပုံ၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် သာသနိက အဆောက်အအုံများဆိုင်ရာ သမိုင်းကြောင်း ပါဝင်သည့် CD တစ်ချပ်နှင့် ပါဠိ၊ ရိုမန် အက္ခရာနှစ်မျိုး တို့ဖြင့် ပြုစုထားသော ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ပါဠိတော် ၅၃ ကျမ်း ၄၀ အုပ် တစ်စုံတို့ကို အမှတ်တရ ဓမ္မလက်ဆောင်အဖြစ် ဂုဏ်ပြုဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကြသူများအနက် ဦးရေ သုံးသန်း ပြည့်မြောက်သူ ဘုရားဖူးလာ ဆရာတော်၏ ကြည်နူးပီတိစကားသံများကိုလည်း ယခုလို ကြားသိရပါတယ်။

 

ဆရာတော် ဘဒ္ဒန္တကုဝေရ (သုံးသန်းမြောက်ဘုရားဖူး ကံထူးရှင်)

ဦးဇင်းက သာစည်မြို့နယ် မရွေးကျေးရွာ မရွေးကျောင်းတိုက်က လာရောက်ဖူးမြော်ကြည်ညိုတာ ဖြစ်ပါတယ်။ မမျှော်လင့်ဘူးလေ။ ဦးဇင်းရဲ့ ဒကာ၊ ဒကာမတွေကို ဘုရားဖူးသီးသန့်ပဲ လိုက်ပို့တဲ့အချိန်မှာ အခုလိုမျိုး ဦးဇင်းက ဘုရားဖူးကုသိုလ်ရှင် သုံးသန်းမြောက် ကံထူးခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ ဦးဇင်းပေးချင်တဲ့ ဓမ္မလက်ဆောင်ကတော့ “မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား တဲ့။ မကောင်းမှုတွေကို ရှောင်ရမယ်၊ ကောင်းမှုတွေကို ဆောင်ရမယ်၊ စိတ်ကို ဖြူစင်အောင်ထားရပါမယ်။ နေပြည်တော်ကို အလည်လာရင်းလည်းပဲ ဦးဇင်းက ဒီဘုရားကြီးကို ရောက်ဖြစ်တယ်။ ဘာလို့လာတာလဲဆိုရင် ဘုရားကြီးကို ဖူးလိုက်ရတာနဲ့ အလိုလိုကို စိတ်ချမ်းသာတယ်။ ပီတိတွေဖြစ်တယ်။ ဒါကြောင့်မို့လို့ ဦးဇင်းက နေပြည်တော်လာတိုင်းလာတိုင်းလည်း ဒီဘုရားကြီးကို ဖူးဖြစ်ပါတယ်။

သတင်းစဉ်