အစ္စတန်ဘူလ်    နိုဝင်ဘာ    ၄

ဂါဇာဒေသအပစ်အခတ်ရပ်စဲရေးနှင့် ဂါဇာဒေသ အနာဂတ်တို့အတွက်   ကမ္ဘာ့နိုင်ငံ   ခုနစ်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများသည် တူကီယဲနိုင်ငံမြို့တော် အစ္စတန်ဘူလ်တွင်   နိုဝင်ဘာ ၃ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင်  ဒေသတွင်း၌   အစ္စရေးက တိုက်ခိုက်မှုများ ဆောင်ရွက်နေသည်။

အပစ်အခတ်ရပ်စဲရေးရရှိပြီးနောက်  အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ဒေသခံများသေဆုံးနေပြီး ၎င်းဆောင်ရွက်ချက်များသည် ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို အဟန့်အတားဖြစ်စေမည်ဖြစ်ကြောင်း တူကီယဲသမ္မတ အာဒိုဂန်က နိုဝင်ဘာ ၃ ရက်တွင် ပြောသည်။

တူကီယဲတွင်ကျင်းပသည့် ဆွေးနွေးပွဲတွင် တူကီယဲနိုင်ငံခြားရေးဝန်ကြီး ဟာကန်ဖီဒန်သည် အာရပ်စော်ဘွား များ ပြည်ထောင်စု၊ အင်ဒိုနီးရှား၊ ကာတာ၊ ပါကစ္စတန်၊ ဆော်ဒီအာရေးဗျနှင့် ဂျော်ဒန်နိုင်ငံများမှ   နိုင်ငံခြားရေးဝန်ကြီးများနှင့်  တွေ့ဆုံဆွေးနွေးခဲ့သည်။ ဂါဇာဒေသတွင်  အပစ်အခတ်ရပ်စဲရေးကို ထိန်းသိမ်း ရေးအပါအဝင် အကြမ်းဖက်မှုများမဖြစ်ရေးအတွက် ဆောင်ရွက်ရန် တက်ရောက်လာသူများက သဘောတူခဲ့သည်။ ထို့ပြင် ရေရှည်တည်တံ့သည့်   ငြိမ်းချမ်းရေးရရှိရေးအတွက် နှစ်နိုင်ငံဖြေရှင်းချက်ကို အခြေခံရမည်ဟူသည့်အချက်ကို သဘောတူခဲ့သည်။

အစ္စရေးသည် အပစ်အခတ်ရပ်စဲရေးကို အကြိမ်ကြိမ်ချိုးဖောက်ပြီး လူသားချင်းစာနာ ထောက်ထားမှုအကူအညီများကို ပိတ်ဆို့ထားကြောင်းနှင့်  ၎င်းဆောင်ရွက်ချက်သည်   ဒေသတွင်း စီမံခန့်ခွဲရေးကိစ္စရပ်များ ကို ခက်ခဲစေသည်ဟု တူကီယဲနိုင်ငံခြားရေးဝန်ကြီးကပြောသည်။ လက်နက်ကိုင်ပဋိပက္ခအပြီး ဂါဇာဒေသ အား စီမံခန့်ခွဲရေးကိစ္စသည် ဂရုပြုဆောင်ရွက်ရမည့်ကိစ္စဖြစ်ကာ ၎င်းဒေသကို ပါလက်စတိုင်း ဒေသခံများကသာ စီမံခန့်ခွဲဆောင်ရွက်ခွင့်ရှိသည်ဟု ယုံကြည်ကြောင်း ဟာကန်ဖီဒန်က ပြောသည်။  အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရရှိခဲ့သော်လည်း  လက်ရှိအချိန်တွင်  အစ္စရေး၏တိုက်ခိုက်မှုကြောင့် ဒေသခံ ၂၀၀ ထပ်မံသေဆုံးကြောင်း  ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။                          

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ