နေပြည်တော် နိုဝင်ဘာ ၄

 

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားဆင်းတု တော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွင် တန်ဆောင်တိုင် မီးထွန်းပွဲတော်နှင့် မီးပုံးပျံ လွှတ်တင်ပူဇော်ပွဲကို ယနေ့နောက်ဆုံးနေ့အဖြစ် စည်ကားသိုက်မြိုက်စွာ ဆက်လက် ကျင်းပရာ ဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ ကြိတ်ကြိတ်တိုး တစ်ခဲနက်ပါဝင်ဆင်နွှဲကြသည်။

 

အထူးစည်ကားလျက်ရှိ

ယနေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ၏ နေ့ထူးနေ့မြတ် တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့) နှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်ကြီး၏ နောက်ဆုံးရက် ဖြစ်သည်နှင့်အညီ ဘုရားကြီးသို့ လာရာလမ်းတစ်လျှောက်တွင် ဘုရားဖူး ခရီးသည်တင် ယာဉ်ကြီးများ၊ ကိုယ်ပိုင်ယာဉ်ငယ်များဖြင့် တိုးမပေါက်အောင် စည်ကားလျက်ရှိပြီး ဘုရားမုခ်ဦးအပြင် ကားရပ်နားဝင်းနေရာများ၌လည်း နေပြည်တော် ဒေသခံများအပြင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးယာဉ်များ အများအပြား စုဝေးရောက်ရှိလာကြသည့်အတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ဘုရားအဝင် အထွက်လမ်းကြောင်းများ ပိတ်ဆို့မှုမရှိစေရေးအတွက် စနစ်တကျ ဆောင်ရွက်ပေးကာ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်အတွင်း၌လည်း မီးထွန်းပွဲတော်ကြီးတွင် တပျော်တပါး ပါဝင်ဆင်နွှဲရန် ရောက်ရှိလာကြသည့် ဘုရားဖူးပြည်သူများဖြင့် အထူးစည်ကား လျက်ရှိသည်မှာ မြင်တွေ့ရသူတိုင်းအဖို့ ကြည်နူးပီတိဖြစ်ဖွယ်ရာ မြင်ကွင်းတစ်ခုလည်းဖြစ်သည်။

 

ထို့ပြင် တာဝန်ရှိသူများက တန်ဆောင်တိုင်ပွဲတော်လာ ဘူရားဖူးပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် စိတ်လက်အေးချမ်းစွာ ဘုရားဖူးမြော် ပါဝင်ဆင်နွှဲနိုင်ရေးအတွက် ဘုရားမုခ်ဦးများ ရှေ့တွင် လုံခြုံရေးအရ လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ပေးပြီး သံဃာတော်များ၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများ ဘုရားရင်ပြင်တော်သို့ လွယ်ကူစွာ တက်ရောက်ဖူးမြော် နိုင်ရေးအတွက် မော်တော်ယာဉ်ငယ်များဖြင့် စနစ်တကျပို့ဆောင်ပေးကြကာ ပွဲတော်အတွင်း ကုသိုလ်ပြု ဆီမီးထွန်းညှိနိုင်မည့် နေရာများ၊ မီးပုံးပျံ လွှတ်တင်ပူဇော်မည့်နေရာများ၊ ဈေးပွဲတော်နေရာများနှင့် အခြားသွားရောက် လေ့လာနိုင်မည့် နေရာများကိုလည်း အလွယ်တကူ သွားရောက်နိုင်ရေးအတွက် ကူညီလမ်းညွှန် ပြသပေးကြသည်။ 

 

ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ၏ ထုံးတမ်းစဉ်လာတွင် မသိုးသင်္ကန်းရက်လုပ် ဆက်ကပ်လှူဒါန်းခြင်း ကို တန်ဆောင်မုန်းလ အခါသမယတွင် ကျင်းပပြုလုပ်လေ့ရှိပြီး လပြည့်နေ့မတိုင်မီ အဖိတ်နေ့ ညနေပိုင်းတွင် သင်္ကန်းတော်များကို စတင်ရက်လုပ်၍ လပြည့်နေ့ အရုဏ်မတက်မီ အပြီးချုပ်လုပ်ကာ မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ကပ်လှူပူဇော်ခြင်းများကို နှစ်စဉ် အမြို့မြို့အနယ်နယ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြသည်။

 

ထို့ကြောင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား တန်ဆောင်မုန်း လပြည့်နေ့တွင် မသိုးရွှေကြာ သင်္ကန်းတော် ဆက်ကပ်လှူဒါန်းနိုင်ရန်အတွက် ယမန်နေ့ ညနေပိုင်းမှစတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရက်ကန်းပညာရှင် အဖွဲ့များက ရက်ကန်းစင် ၁၅ စင်ဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ရက်လုပ်ကြပြီး ယနေ့ကျရောက်သည့် လပြည့်နေ့ နံနက်မင်္ဂလာအချိန်တွင် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မသိုးရွှေကြာသင်္ကန်းတော် ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြသည်။

 

ညပိုင်းတွင် တန်ဆောင်တိုင် မီးထွန်းပွဲတော်သို့ လာရောက်ကြသည့် ဘုရားဖူးလာ ရဟန်းရှင်လူ၊ ပြည်သူများသည် စိတ်အေးချမ်းသာစွာဖြင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ကြည်လင်သဒ္ဓါစိတ်တို့ဖြင့် ပန်း၊ ရေချမ်းနှင့် ဆီမီး ကပ်လှူဖူးမြော် ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်အတွင်း အသံမစဲ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်းနှင့် ဝတ်အသင်းအဖွဲ့များက ဝတ်ရွတ်စဉ်များဖြင့် ပူဇော်ခြင်းတို့ကို ဆောင်ရွက်ကြရာ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်အတွင်း တရားဓမ္မ အသံများဖြင့် ထုံးမွမ်းလျက်ရှိသည့်အပြင် ဘုရားဖူးများ၏ ဆီမီး ၉၀၀၀ ထွန်းညှိကပ်လှူပူဇော်ခြင်းနှင့် LED မီးများဖြင့် ခမ်းနားစွာ အလှဆင် ပူဇော်ထားခြင်းတို့၏ အလင်းရောင်သည် ရုပ်ပွားတော် မြတ်ကြီးနှင့် စေတီပုထိုးတို့၏ သပ္ပာယ်မှုတို့ကို ပိုမိုပေါ်လွင်စေခဲ့ပြီး တန်ဆောင်မုန်းလ၏ ညအလှကို ပိုမိုထွန်းလင်းတောက်ပစေခဲ့သည်။

 

ပွဲတော်ကြီး၏ အဓိကအနှစ်သာရဖြစ်သည့် မြတ်စွာဘုရားရှင်အား မီးပုံးပျံ လွှတ်တင်ပူဇော်မည့် နေရာ အသီးသီး၌လည်း ဘုရားဖူးလာ ပြည်သူများက ကြိုတင်စောင့်ဆိုင်း ရောက်ရှိနေကြပြီး မီးပုံးပျံ အောင်မြင်စွာ လွှတ်တင်နိုင်ရေးအတွက် တာဝန်ရှိသူများက မီးပုံးပျံအား မီးခိုးမှိုင်းသွင်းခြင်း၊ မီးကျည်၊ ယမ်းများ တပ်ဆင်ခြင်းစသည့် လုပ်ငန်းစဉ် အဆင့်ဆင့်ပြင်ဆင်နေမှုအား ပြည်သူများက အထူး စိတ်ဝင်တစား ကြည့်ရှုလေ့လာကြသည်။

 

ထို့နောက် မီးပုံးပျံလွှတ်တင်၍ မြတ်စွာဘုရားရှင်အား ပူဇော်မည့် အချိန်တွင် တိုင်းရင်းသားရိုးရာ အကအလှများ၊ အိုးစည်ဒိုးပတ်၊ သံချပ်တီးလုံးများဖြင့် တွဲဖက်၍ ဘုရားဝင်းအတွင်း သတ်မှတ် နေရာများအလိုက် မီးရှူး၊ မီးပန်းများ ပစ်ဖောက်ပူဇော်ခြင်းနှင့် မီးပုံးပျံအသေးများ၊ အလှညမီးကြီးနှင့် စိန်နားပန် မီးပုံးပျံကြီးများအား ကောင်းကင်ယံထက်သို့ တစ်လုံးပြီးတစ်လုံး အောင်မြင်စွာ လွှတ်တင် ပူဇော်ကြသည်။

 

ထိုသို့ မီးပုံးပျံကြီးများ ညအမှောင်ကို ဖြိုခွင်းလျက် အောင်မြင်စွာ လွှတ်တင်ပူဇော်ချိန်တွင် ကောင်းကင်ယံ တစ်ခွင်လုံး၌ ရွှေရောင်၊ ငွေရောင်၊ မီးပန်းမိုးများ ဖြင့် ထိန်ထိန်ညီးလှပသွားခဲ့ပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား စေတနာတရား၊ စုပေါင်းအားတို့ ပေါင်းစု၍ အမြင့်မြတ်ဆုံးသော အလင်းရောင်ဖြင့် ခမ်းနားစွာ ပူဇော်ခဲ့ကြကာ ဘုရားဖူးလာပြည်သူများ၏ ကြည်နူးပီတိဖြစ်စွာ ဟစ်ကြွေးကြသော သာဓုခေါ်သံများနှင့် လက်ခုပ်သံများသည်လည်း နေပြည်တော် တန်ဆောင်မုန်းလ၏ ညအလှကို ပိုမိုအသက်ဝင်လာစေခဲ့သည်။

 

ယနေ့ညတွင် ဝန်ကြီးဌာနအလိုက် မီးပုံးပျံလွှတ်တင်မှုများအဖြစ် စိန်နားပန် မီးပုံးပျံလွှတ်တင် ယှဉ်ပြိုင်မှုတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ဥပဒေရေးရာဝန်ကြီးဌာနတို့က လည်းကောင်း၊ ညမီးကြီးမီးပုံးပျံ လွှတ်တင်ယှဉ်ပြိုင်မှုတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့က လည်းကောင်း၊ တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံ လွှတ်တင်ပူဇော်ပြိုင်ပွဲ လပြည့်ည ဂုဏ်ပြုမီးပုံးပျံကို လည်းကောင်း မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၏ ကောင်းကင်ယံထက် အောင်မြင်စွာ လွှတ်တင်ပူဇော်ခဲ့ကြရာ သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ဝန်ထမ်းများနှင့် ပြည်သူများကလည်း သတ်မှတ်နေရာ အသီးသီး၌ မီးပုံပျံငယ်များကို ပြိုင်တူ လွှတ်တင်ဝန်းရံပူဇော်ခြင်းကြောင့် ကောင်းကင်ယံတွင် စိန်နားပန်နှင့် ညမီးကြီး မီးပုံးပျံကြီးများ၏ အလှကို ပိုမိုပေါ်လွင်စေခဲ့ပြီး အံ့ဩဖွယ်ရာ ကြည့်မဆုံးအောင် လှပနေခဲ့သည်။

 

ထိုသို့ မီးပုံးပျံ လွှတ်တင်ယှဉ်ပြိုင် နေစဉ်အတွင်း သံချပ်တီးလုံးများ၊ ဆီမီးခွက် ကိုင်ဆောင်ပူဇော်ခြင်း များနှင့်အတူ တန်ဆောင်တိုင် ပွဲတော်ကာလကို ဖော်ကျူးရေးဖွဲ့ထားသည့် တေးသံသာများကြောင့်လည်း တန်ဆောင်တိုင်ညအလှကို ပိုမိုပေါ်လွင်စေခဲ့ပြီး ဘုရားဖူးလာ ပြည်သူများအတွက် ကြည်နူးပီတိဖြစ်ဖွယ် အပြည့်စုံဆုံး ညတစ်ည ဖြစ်ခဲ့သည်။

 

ထို့ပြင် ပွဲတော်ကြီးကျင်းပနေစဉ်အတွင်း နိုင်ငံကျော်တေးသံရှင် ရဲထိုက်၊ မေ့ချစ်သက်၊ J Fire ၊ ဆုထက်လှိုင်တို့နှင့်အတူ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာန၊ မြဝတီရုပ်မြင်သံကြားတို့မှ ယိမ်းအဖွဲ့များနှင့် တေးသံရှင် များက တန်ဆောင်တိုင်ပွဲတော်ကာလကို ဖော်ကျူးရေးဖွဲ့ထားသည့် တေးသီချင်းများတွဲဖက်၍ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအကအလှများဖြင့် သီဆိုကပြဖျော်ဖြေ တင်ဆက်ကြရာ ဘုရားဖူးပြည်သူ များကလည်း ရိုးရာယဉ်ကျေးမှုနှင့်အညီ တပျော်တပါး ပါဝင်ဆင်နွှဲကြသည်။

 

ထို့ပြင် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား ရည်မှန်းပူဇော်ခဲ့ကြသည့် တန်ဆောင်တိုင် ပွဲတော်ကြီးတွင် စေတနာ၊ ဝီရိယ၊ အနုပညာနှင့် ကုသိုလ်စိတ်များ ပေါင်းစပ်ကာ မီးပုံးပျံလွှတ်တင် ပူဇော်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုများအသီးသီးရရှိခဲ့ကြသည့် ဝန်ကြီးဌာနများမှ ပြိုင်ပွဲဝင် အဖွဲ့များကိုလည်းကောင်း၊ ညတွင်းချင်း စေတနာထက်သန်စွာဖြင့် အချိန်မီရက်လုပ်၍ အမြင့်မြတ် ဆုံးသောပူဇော်မှုအဖြစ် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော် ပြိုင်ပွဲတို့တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ရက်ကန်းပညာရှင်အဖွဲ့များကိုလည်းကောင်း ဂုဏ်ပြုဆုများ ထိုက်တန်စွာ ချီးမြှင့်ခဲ့ရာ ဆုရရှိကြသူများ၏ အောင်မြင်မှု ကြည်နူးပီတိအပြုံးများနှင့်အတူ ပြည်သူများ၏ အားပေးဂုဏ်ပြုသည့် လက်ခုပ်ဩဘာသံများသည်လည်း ပွဲတော်ကြီးတစ်ခုလုံး ပဲ့ထင်ထပ်သွားခဲ့သည်။

 

ထို့ပြင် ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း၌လည်း LED မီးများဖြင့် အလှဆင် ပူဇော်ထားရှိသည့်အတွက် ခမ်းနားထည်ဝါစွာ တည်ထားပူဇော်ထားသည့် ဘုရား၊ စေတီ၊ ပုထိုးများ၏ သပ္ပာယ်မှုများနှင့် အံ့မခန်းဗိသုကာလက်ရာများကိုလည်း လာရောက်ကြသည့် ဘုရားဖူးပြည်သူများ တစ်နှစ်တွင် တစ်ကြိမ်သာကြုံတွေ့ရမည့် တန်ဆောင်တိုင် မီးထွန်းပွဲတော်နှင့် ယှဉ်တွဲ၍ ဖူးမြော်ကြည်ညို လေ့လာခဲ့ကြသည်။

 

အောင်မြင်စွာကျင်းပ

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်ကို မီးထွန်းပွဲတော်၊ မီးပုံးပျံ လွှတ်တင်ပူဇော်ပွဲတော်၊ မသိုးသင်္ကန်းရက်လုပ် ပူဇော်ပွဲတော်များနှင့်အတူ တေးဂီတနှင့် ဇာတ်သဘင်ဖျော်ဖြေပွဲ၊ ဈေးရောင်းပွဲတော်တို့ဖြင့် နိုဝင်ဘာ ၂ ရက်မှ ၄ ရက်အထိ သုံးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပေးခဲ့ပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများအနေဖြင့် လည်း တစ်ခဲနက်လာရောက်၍ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ကြည်ညိုသဒ္ဓါပွားများစွာ ဖူးမြော်ရသည့်အပြင် တန်ဆောင်တိုင်ည၏ သာယာကြည်နူးဖွယ်ရာ အလှတရားများ၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု ရသများနှင့် ဖျော်ဖြေရေးအစီအစဉ်များကိုပါ တစ်နေရာတည်းတွင် အပြည့်အဝ ခံစားဆင်နွှဲနိုင်ခဲ့သည့်အတွက် ကုသိုလ်တရားများဖြင့် ပြည့်နှက်နေသည့် စိတ်ကြည်နူး ချမ်းမြေ့ဖွယ်ရာ ပွဲတော်ကြီးတစ်ခုအဖြစ် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

သတင်း - မျိုးဆက်သစ်၊ ဂျိုင်းလော

ဓာတ်ပုံ - ဖိုးပြည့်စုံ၊ သီဟ