ရန်ကုန် နိုဝင်ဘာ ၄
ယနေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလ အခါတော်နေ့) ဖြစ်သည့် အားလျော်စွာ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် တန်ခိုးကြီးဘုရား၊ စေတီများ၌ ကုသိုလ်ဒါနပြုကြသူ ဘုရားဖူးလာ ပြည်သူများဖြင့် စည်ကားလျက်ရှိသည်။
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၇ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့) အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာများ၌ ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဂေါပကရုံးဝန်ထမ်းများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၃၇) ကြိမ်မြောက် မသိုးသင်္ကန်း ယှဉ်ပြိုင်ရက်ခတ်ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ပြိုင်ပွဲဝင်များနှင့် ဘုရားဖူးလာပြည်သူများက စေတီတော်ရင်ပြင် အောင်မြေမှစတင်၍ ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်များအား ကပ်လှူပူဇော်မည့် ကထိန်ရွှေကြာ သင်္ကန်းတော်များကို ကိုင်ဆောင်၍ စေတီတော်မြတ်ကြီးအား လက်ယာရစ် လှည့်လည်ပူဇော်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အထက်ပစ္စယံရှိ ပတ္တမြားမျက်ရှင် ရုပ်ပွားတော်မြတ်အား ကထိန်ရွှေကြာသင်္ကန်း ကပ်လှူပူဇော်ကြပြီး ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာရေး ဝတ်အသင်းအဖွဲ့များက အာရုံခံတန်ဆောင်းမုခ် လေးမုခ်ရှိ ကကုသန္ဓ၊ ကောဏာဂမန၊ ကဿပ၊ ဂေါတမမြတ်စွာ ဘုရားတို့အား ကထိန်ရွှေကြာ သင်္ကန်းများ ကပ်လှူပူဇော်ကြသည်။
ယင်းနောက် ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေး ဝတ်အသင်းအဖွဲ့များနှင့် တာဝန်ရှိသူများက ရွှေတိဂုံစေတီတော်ရင်ပြင် ဧည့်ခံတန်ဆောင်း၌ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီးနှင့် အမွှေးနံ့သာများ ကပ်လှူပူဇော်ကြပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များအား ရောင်တော်ဖွင့် တန်ဆောင်း၌ အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ သီလခံယူပွဲနှင့် ရေစက်ချ အခမ်းအနားကို ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပရာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တ အဂ္ဂသာမိထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဩဝါဒါစရိယ ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် ပဓာန နာယက ဘဒ္ဒန္တနာရဒါဘိဝံသထံမှ အနုမောဒနာတရား နာယူပြီး ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
ထို့အတူ ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်၏ (၄၁)ကြိမ်မြောက် မသိုး ရွှေကြာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ စေတီတော်၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့် အလှူရှင်များက ပရိဝုဏ်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ကထိန်ရွှေကြာသင်္ကန်းတော်များ ကပ်လှူပူဇော်ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆူးလေ စေတီတော်မြတ်ကြီး၏ မသိုးရွှေကြာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲသို့ ရောက်ရှိပြီး စေတီတော် သြဝါဒါစရိယ ဆရာတော်ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။ ဆက်လက်၍ သြဝါဒါ စရိယဆရာတော်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး အနုမောဒနာတရား နာယူ၍ ရေစက်သွန်းလောင်း အမျှပေးဝေကြကာ စေတီတော်ပရိဝုဏ်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ကထိန်ရွှေကြာသင်္ကန်းတော်များ ကပ်လှူပူဇော်ကြသည်။
အလားတူ သီရိမင်္ဂလာကမ္ဘာအေး စေတီတော်၊ မဟာဝိဇယစေတီတော်၊ ဝရဒါဌာဓာတုစေတိယ စွယ်တော်မြတ် စေတီတော် (ရန်ကုန်)၊ မင်းဓမ္မကုန်းရှိ လောကချမ်းသာ အဘယလာဘမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ရှေးဟောင်း သမိုင်းဝင် အပရာဇိတဆံတော်ရှင် ကျိုက်ဝိုင်းစေတီတော်၊ တိလောက ဥသျှောင်မုနိရာဇ အောင်မြေသဗ္ဗညုပုထိုးတော်ကြီး (ရန်ကုန်)ရွှေဘုန်းပွင့် စေတီတော်နှင့် ဆုတောင်းပြည့်မယ်လမု စေတီတော်၊ ကိုးထပ်ကြီးဘုရားတို့တွင်လည်း ယနေ့နံနက်ပိုင်းမှစတင်ပြီး စေတီတော်နှင့် ဗုဒ္ဓရုပ်ပွားတော်များအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးတို့ ကပ်လှူပူဇော်ကြပြီး ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေး အသင်းအဖွဲ့များက တန်ဆောင်မုန်း လပြည့်နေ့ သာမညဖလအခါတော်နေ့ အခမ်းအနားများကို ကျင်းပကြကာ သာမညဖလ သုတ္တန်ဒေသနာ တော်များကို ရွတ်ဖတ်မေတ္တာပို့ ဆုတောင်းကြသည်။
တန်ဆောင်မုန်း လပြည့် (သာမညဖလ အခါတော်နေ့)တွင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ ဘုရား စေတီများ၌ မသိုးရွှေကြာသင်္ကန်းများ ကပ်လှူပူဇော်ခြင်း၊ သာမညဖလအခါတော်နေ့ ပူဇော်ပွဲများ၊ ဗုဒ္ဓဒေသနာတော် ရွတ်ဆိုပူဇော်ပွဲများနှင့် ရပ်ကွက်အလိုက်၊ လမ်းအလိုက် စုပေါင်း၍ မဟာဘုံကထိန် အလှူပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။ ထို့ပြင် ဘုရား၊ စေတီများတွင် အလှူရှင်များက ဘုရားဖူးလာ ပြည်သူများအား စတုဒိသာများ ကျွေးမွေးကြခြင်း၊ ရုံးများ၊ ပန်းခြံများ၊ ရပ်ကွက်၊ လမ်းနှင့် လူနေအိမ်များ၌ လျှပ်စစ်ရောင်စုံမီးအလှများ၊ ဆီမီးခွက်များ၊ ဖယောင်းတိုင်မီးများ ထွန်းညှိပူဇော်ခြင်းတို့ကို ဆောင်ရွက်ကြပြီး လမ်းအလိုက် နိဗ္ဗာန်ဈေးပွဲတော်များကို စည်ကားစွာ ကျင်းပခဲ့ကြောင်း သိရသည်။
သတင်း၊ ဓာတ်ပုံ ကိုကိုဇော်(MNA)


