မန္တလေး နိုဝင်ဘာ ၄
ယနေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများအတွက် နေ့ထူးနေ့မြတ် တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့) ဖြစ်သည်နှင့်အညီ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြပြီး တန်ဆောင်တိုင်ပွဲတော်၊ မီးထွန်းပွဲတော်တို့ကို မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကောင်း တစ်ရပ်အဖြစ် လက်ဆင့်ကမ်းထိန်းသိမ်း၍ ကျင်းပလျက်ရှိသည်။
စည်ကားလျက်ရှိ
တန်ဆောင်မုန်းလပြည့် အခါသမယတွင် မန္တလေးမြို့ရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ ကုသိုလ်ကောင်းမှုပြုကြသူများ၊ မီးထွန်းပွဲတော်များကျင်းပ၍ မြတ်စွာဘုရားရှင်အား ပူဇော်ကြသူများ၊ ဝတ်ရွတ်စဉ်များဖြင့် ပူဇော်ကြသူများနှင့် အပန်းဖြေစခန်းများ၌ အပန်းဖြေကြသူများဖြင့် မြို့လုံးအနှံ့ စည်ကားများပြားလျက်ရှိသည်။
နံနက်အရုဏ်တက်ချိန်မှ စတင်၍ မန္တလေးမြို့ရှိဘုရား၊ ပုထိုးစေတီများ၊ ဓမ္မာရုံများ၌ မသိုးသင်္ကန်း ဆက်ကပ်လှူဒါန်း ပူဇော်ပွဲများ၊ ဘုန်းတော်ကြီးကျောင်းများ၌ ဌာနဆိုင်ရာအသီးသီးတို့က ကထိန်သင်္ကန်းကပ်လှူ ကုသိုလ်ပြုခြင်းနှင့် ဆီမီးထွန်းညှိပူဇော်ပွဲများကို အစဉ်အလာမပျက် ကျင်းပလျက်ရှိရာ မန္တလေးမြို့ခံများအပြင် အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင် လူပြည်သူများက ကုသိုလ်ပြု ပါဝင်ဆင်နွှဲကြပြီး အသင်းအဖွဲ့အလိုက်၊ မိသားစုအလိုက် ကထိန်ပွဲတော်များကို သက်ဆိုင်ရာ ကျောင်းများသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခင်းကျင်း၍ ရေစက်ချလှူဒါန်းခြင်း၊ ကုသိုလ်ကောင်းမှုပြုခြင်း၊ စတုဒိသာ ကျွေးမွေးကုသိုလ်ပြုခြင်းများဖြင့် မန္တလေးမြို့တစ်ခွင် ခြိမ့်ခြိမ့်သဲ ကျင်းပလျက်ရှိသည်။
မန္တလေးမြို့၏ အထင်ကရ တန်ခိုးကြီး ဘုရားတစ်ဆူဖြစ်သည့် မဟာမုနိရုပ်ရှင်တော်မြတ်ကြီးတွင် ယနေ့နံနက်ပိုင်းက ဆရာတော်၊ သံဃာတော်များ အမှူးပြု၍ မျက်နှာသစ်တော်ဝတ်အဖွဲ့မှ မျက်နှာသစ်တော်မူပြီး မသိုးမြတ်သင်္ကန်းတော် ဆက်ကပ်လှူဒါန်းပူဇော်ကာ ဒေသခံပြည်သူများ သာမက အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူပြည်သူ အပေါင်းတို့ကလည်း လာရောက်ဖူးမြော် ကြည်ညိုကြပြီး ဆွမ်း၊ ရေချမ်း၊ ပန်း ကပ်လှူပူဇော်ခြင်း၊ ဆီမီးပူဇော်ခြင်း၊ ရေသပ္ပာယ်ခြင်း၊ ဝတ်အသင်းအဖွဲ့များက ဝတ်ရွတ်စဉ်များ၊ ပဋ္ဌာန်းဒေသနာတော်များ ရွတ်ဖတ်ပူဇော်ခြင်းနှင့် တရားဘာဝနာ အားထုတ်ကြခြင်းများဖြင့် စည်ကားလျက်ရှိသည်။
အလားတူ မန္တလေးတောင်တော် ဆုတောင်းပြည့်ဘုရား၊ ကုသိုလ်တော်ဘုရား၊ ကျောက်တော်ကြီး ဘုရား၊ အောင်တော်မူမြတ်စွာဘုရား၊ ရွှေကျီးမြင်ဘုရား၊ စွယ်တော်မြတ် စေတီတော် (မန္တလေး)၊ ဝေရောစနကျောက်စိမ်း စေတီတော်စသည့် တန်ခိုးကြီး ဘုရားစေတီတော်တို့တွင်လည်း ရွှေသင်္ကန်းများ ဆက်ကပ်လှူဒါန်း၍ ဆီမီးပူဇော်ခြင်း၊ ဝတ်ရွတ်စဉ်များ ရွတ်ဖတ်ပူဇော်ခြင်းတို့ ဆောင်ရွက်ကြသည့်အပြင် အလှူရှင်များက အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများအား စတုဒိသာအာဟာရ ကျွေးမွေးကုသိုလ်ပြုကြခြင်းဖြင့် မြန်မာတို့၏ သဒ္ဓါတရားထက်သန် မှုစိတ်ရင်းများကို ပုံဖော်ခဲ့ကြသည်။
ထွန်းညှိပူဇော်
ညပိုင်းတွင် ဘုရားစေတီများ၌ ဆီမီးပူဇော်ပွဲများ ကျင်းပခြင်း၊ မီးပုံးပျံများ လွှတ်တင်ခြင်း၊ နေအိမ်များ၌ မြတ်စွာဘုရားရှင်အားရည်မှန်း၍ ဆီမီးနှင့် မီးရောင်စုံ ထွန်းညှိပူဇော်ခြင်းများဖြင့် မန္တလေးမြို့၏ တန်ဆောင်တိုင် လပြည့်နေ့ညအလှကို ပိုမိုပေါ်လွင်စေခဲ့ပြီး မဲဇလီဖူးသုပ် ဒါနပြုကြသူများ၊ ပံ့သကူလိုက်လံကောက်ကြသူများဖြင့် စည်ကားလျက်ရှိသည်။
ထို့ပြင် မန္တလေးမြို့၏ အထင်ကရ နေရာများဖြစ်သော ကမ်းနားလမ်းရှိ မြို့တော်ဥယျာဉ်၊ ပုသိမ်ကြီး မြို့နယ်ရှိ အပန်းဖြေစခန်းများ၊ အမရပူရမြို့နယ်ရှိ တောင်သမန်အင်းနှင့် ဦးပိန်တံတားတို့တွင်လည်း ဒေသခံပြည်သူများသာမက အနယ်နယ်အရပ်ရပ်မှ လာရောက် အပန်းဖြေ အနားယူကြသူများဖြင့် စည်ကားလျက်ရှိသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


