သထုံ နိုဝင်ဘာ ၄

 

မွန်ပြည်နယ် သထုံမြို့ သမိုင်းဝင် လေးဆူဓာတ်စံ ရွှေစာရံစေတီတော်မြတ်ကြီးတွင် တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့)၌ ကုသိုလ်ဒါနပြုသူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားများပြားလျက်ရှိသည်။

 

အထူးစည်ကား

စေတီတော်မြတ်ကြီးမှာ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီးနံဘေး၌ တည်ရှိသဖြင့် အလွယ်တကူ ဝင်ရောက်ဖူးမြော်နိုင်ရာ အများပြည်သူ ပိတ်ရက်ကာလ ကျိုက်ထီးရိုး၊ ကျိုက္ခမီ၊ စက်စဲ အစရှိသည့် အောက်မြန်မာပြည် ဘုရားဖူးအပန်းဖြေခရီးထွက်သူအများစုတို့ ခရီးတစ်ထောက်နား ဝင်ရောက်ဖူးမြော်လေ့ရှိပြီး မြို့၏အထင်ကရစေတီဖြစ်သည့်အလျှောက် ဒေသခံအပေါင်းတို့က မိသားစုအလိုက် လာရောက်ဖူးမြော်ကုသိုလ်ပြုလေ့ရှိသောကြောင့် အထူးစည်ကားကြောင်း စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ရွှေစာရံစေတီတော်အပါအဝင် သထုံမြို့နယ်အတွင်းရှိ ဘုရားကျောင်းကန်အသီးသီးတို့၌ ဆွမ်းကြီးလောင်းပွဲများ ကျင်းပခြင်း၊ တရားသဘင်ဆင်ယင်ကျင်းပခြင်း၊ ဘုရားရှင်အားဆီမီး၊ ပန်း၊ ရေချမ်း ကပ်လှူပူဇော်ခြင်း၊ ရွှေကြာသင်္ကန်းတော်များ ကပ်လှူပူဇော်ခြင်း၊ ဇီဝိတဒါနငါးလွှတ်ခြင်း၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာကုသိုလ် ပြုကြသူများဖြင့် အထူးစည်ကားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)