ထားဝယ် နိုဝင်ဘာ ၄

 

ထားဝယ်မြို့ ဘုရားကြီးဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ရပ်ကွက်ကျေးရွာပေါင်းစုံ ပါဝင်သော (၁၁၃)ကြိမ်မြောက်တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရား ဒေသစာရီလှည့်လည်ပူဇော်ပွဲဖွင့်ပွဲကို ယမန်နေ့ညနေ ၅ နာရီခွဲက ထားဝယ်မြို့ လောကမာရဇိန်ဘုရားကြီးအရှေ့မုခ်ဦး၌ စည်ကားသိုက်မြိုက်စွာကျင်းပသည်။

 

ဖွင့်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး၊ ဘုရားကြီး ဂေါပကအဖွဲ့နာယကတို့က (၁၁၃)ကြိမ်မြောက် တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရား ဒေသစာရီ လှည့်လည်ပူဇော်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ပြည်သူများက နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုပြီး အလှူငွေများ ထည့်ဝင်လှူဒါန်း ကြသည်။

 

(၁၁၃)ကြိမ်မြောက်တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရား ဒေသစာရီလှည့်လည်ပူဇော်ပွဲကို ရပ်ကွက်/ ကျေးရွာများမှ ဥပသကာများလိုက်ပါ၍ လှည့်လည် ပူဇော်ခံသောလမ်းတစ်လျှောက် စတုဒိသာကျွေးမွေးကြသူများ၊ ဆွမ်းကပ်ကြသူများ၊ ငွေပဒေသာပင် လှူဒါန်းကြသူများ၊ ဘုရားဖူးသူများဖြင့် စည်ကားလျက်ရှိသည်။

 

ထို့အတူ တန်ဆောင်တိုင်ပွဲတော်နှစ်ကျိပ်ရှစ်ဆူလှည့်လည်ပူဇော်ပွဲကြီးသည် ဒေသတွင်း အထင်ရှားဆုံး ပွဲတော်တစ်ခုဖြစ်သောကြောင့် ထားဝယ်ဒေသခံများ နှစ်စဉ်ပါဝင်ဆင်နွှဲလေ့ရှိသည့် ပွဲတော်တစ်ခု ဖြစ်ပြီး ယင်းပွဲတော်ကို ကောဇာသက္ကရာဇ် ၁၂၇၁ ခုနှစ် မှစ၍ ကျင်းပလာခဲ့ရာ ယခုနှစ်ဆိုလျှင် နှစ်ပေါင်း (၁၁၃)နှစ်တိုင်တိုင်ဖြစ်ကာ ရဟန်းရှင်လူပြည်သူများ ပူဇော်နိုင်ရန် နိုဝင်ဘာ ၄ ရက်အထိ ယာယီစံကျောင်းတော်ဖြင့် ထားရှိပေးထားမည်ဖြစ်သည်။

 

ထို့ပြင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ကမ်းနားလမ်းတွင်လည်း တန်ဆောင်တိုင် မီးပုံးပျံ အလှဆင်ပြိုင်ပွဲ၊ ဈေးရောင်းပွဲတော်၊ စတိတ်ရှိုး၊ ဖျော်ဖြေရေးအစီအစဉ်များ ကျင်းပလျက်ရှိရာ ဒေသခံပြည်သူများ၊ ဘုရားဖူးလာပြည်သူများနှင့် ပါဝင်ဆင်နွှဲသူများဖြင့် ကြက်ပျံမကျစည်ကားလျက် ရှိသည်။

 

ထားဝယ်လူမျိုးအချင်းချင်း ပူးပေါင်းချစ်ကြည်မှု ရရှိစေရန်၊ အသင်းအဖွဲ့များစုဖွဲ့၍ စုပေါင်းအင်အား ဖြင့် စည်းလုံးညီညွတ်မှုကိုပြသနိုင်စေရန် ရည်ရွယ်၍ ပထမအကြိမ် ထားဝယ်မြို့သူ မြို့သားများက မီးပုံးပျံ အလှဆင်လွှတ်တင်ပူဇော်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ဌာနဆိုင်ရာများနှင့် ရပ်နီးရပ်ဝေးမှပြည်သူများက တစ်ခဲနက်လာရောက် ကြည့်ရှုအားပေးကြသည်။

 

ထိုသို့ လာရောက်ကြည့်ရှုသူများကို စတိတ်ရှိုး၊ ဇာတ်သဘင်ဖျော်ဖြေရေးအစီအစဉ်များဖြင့် သီဆိုဧည့်ခံဖျော်ဖြေကြပြီး ဈေးဆိုင်များတွင်လည်း ဈေးနှုန်းချိုသာစွာ ရောင်းချပေးနေသောကြောင့် လာရောက်ကြည့်ရှု ဝယ်ယူစားသောက်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)