နေပြည်တော် နိုဝင်ဘာ ၄
ယနေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်များအနက် တစ်ရက်ဖြစ်သည့် တန်ဆောင်မုန်း လပြည့်နေ့ (သာမညဖလအခါတော်နေ့) ဖြစ်သည်နှင့်အညီ တန်ဆောင်တိုင်ပွဲတော်၊ မီးထွန်းပွဲတော်တို့ကို မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကောင်း တစ်ရပ်အဖြစ် လက်ဆင့်ကမ်းထိန်းသိမ်း ပြီး နှစ်စဉ်ကျင်းပပြုလုပ်ကြသည်။
အဆိုပါ နေ့ထူးနေ့မြတ်တွင် ဗုဒ္ဓဘာသာဝင်များအနေဖြင့် မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ဥပုသ်သီလ ဆောက်တည်ခြင်း၊ ပဋ္ဌာန်းဒေသနာတော်နှင့် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော် ခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၌ ကထိန်လျာသင်္ကန်း ကပ်လှူ၍ ကထိန်အလှူတော်မင်္ဂလာဆင်ယင်ခြင်း၊ ဒါန သီလ ဘာဝနာကုသိုလ်ယူ ဆည်းပူးပွားများခြင်း စသည့် သူတော်ကောင်းတရားများကို ကြိုးစားအားထုတ် ဆောင်ရွက်ကြပြီး ဘုရား၊ စေတီ၊ ပုထိုးများ၌လည်း စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုခြင်းများကို ပြုလုပ်ကြသည်။
ထိုသို့ မြန်မာ့ယဉ်ကျေးမှုပွဲတော်ကို ထိန်းသိမ်းဆင်နွှဲလျက်ရှိကြရာ နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်အတွင်းရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးတွင်လည်း ယနေ့ညပိုင်းတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကော်မရှင်အဖွဲ့ဝင် အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးနှင့် ဇနီး၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက် အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်း နှင့်ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလများနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများက စေတီတော်မြတ်အား ဆီမီးများ၊ ရောင်စုံမီးအလှများဖြင့် ထွန်းညှိပူဇော်ခြင်း၊ ပန်း၊ ရေချမ်းကပ်လှူပူဇော်ခြင်း၊ ဆီမီး (၁၀၀၀) ထွန်းညှိ ပူဇော်ခြင်းများဖြင့် တန်ဆောင်မုန်းလပြည့် (သာမည ဖလအခါတော်နေ့) တန်ဆောင်တိုင် မီးထွန်းပွဲတော်ကို ပျော်ရွှင်ကြည်နူးစွာဆင်နွှဲခဲ့ကြသည်။
အလားတူ တန်ဆောင်တိုင် မီးထွန်းပွဲတော် အထိမ်းအမှတ်အဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝင်းအတွင်း၌လည်း လမ်း၊ အဆောက်အအုံများ၊ ပန်းအလှသစ်ပင်များတွင် ရောင်စုံမီးအလှများဖြင့် မီးထွန်းပွဲတော်ကို သာယာလှပစွာ ရှုမငြီးဖွယ် ပြုလုပ်ထားရှိပြီး ပျော်ပွဲရွှင်ပွဲများကိုလည်း ပြုလုပ်ထားရှိရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများက စိတ်နှလုံး အေးချမ်းစွာဖြင့်ပျော်ရွှင် ကြည်နူးစွာ ဆင်နွှဲခဲ့ကြသည်။
“တန်ဆောင်”မှာ မီးရှူး၊ မီးတိုင်၊ ဆီမီးဟု အဓိပ္ပာယ်ရပြီး “မှုန်း”မှာ တောက်ပသည်ဟူသော အနက် ကိုယူ၍ ဝေါဟာရပေါင်းစည်းသည့်အခါ “ဆီမီးတိုင်များ မျက်စိတစ်ဆုံး ပွားများထွန်းလင်းနေသည်”ဟု ဆိုလိုသည်ဖြစ်၍ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ တန်ဆောင်တိုင် မီးထွန်းပွဲတော်များ၊ ရှင်ဥပဂုတ္တမထေရ် မြတ်ပူဇော်ပွဲနှင့် မီးမျှောပူဇော်ပွဲများကို ကျင်းပခြင်း၊ မသိုးသင်္ကန်း ကပ်လှူပူဇော်ခြင်း၊ ဆွမ်းဆန် တော်လောင်းလှူခြင်းများ ပြုလုပ်ကြရာ အများပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် လာရောက် ထွန်းညှိပူဇော် ဖူးမြော်ကြည်ညိုကြပြီး နိဗ္ဗာန်ဈေးပွဲတော်များတွင်လည်း ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသူများဖြင့် စည်ကားသိုက်မြိုက် လျက်ရှိသည့်အပြင် ညပိုင်းတွင် မဲဇလီဖူးသုပ် ဒါနပြုကြသူများ၊ ပံ့သကူ အလှူပြုကြသူများ၊ ပံ့သကူ အလှူကောက်ကြသူများဖြင့် အေးချမ်းပျော်ရွှင်လျက်ရှိသည်ကို တွေ့ရသည်။
အလားတူ တန်ဆောင်တိုင် ရုံးပိတ်ရက်ကာလ ဖြစ်သည်နှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အပန်းဖြေစခန်းများ၊ ကမ်းခြေများ၊ အများပြည်သူနှင့် သက်ဆိုင်သည့် ပန်းခြံများ၌ လာရောက် အပန်းဖြေကြသူများနှင့် အထူးစည်ကားလျက်ရှိကာ တန်ဆောင်မုန်း လပြည့်နေ့ အခါသမယကို အများပြည်သူများအနေဖြင့် ပျော်ရွှင်ကြည်နူးစွာ ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


