မလှိုင် ၁၇  မတ်

 

မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ် ပန်းအိုင်ကျေးရွာ အောင်ဇေယျာရပ်ကွက်နှင့် အောင်မင်္ဂလာ ရပ်ကွက်ကြားရှိ လမ်းပိုင်းမှာ ရေတိုက်စားပြီး ပျက်စီးခဲ့သဖြင့် ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်ခင်းပြုပြင်ခြင်းကို မတ် ၁၅ ရက်က စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ရေတိုက်စားပြီး ပျက်စီးနေသော အဆိုပါလမ်းပိုင်းအား ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်သက်၏ ဦးဆောင်မှုဖြင့် အကျယ် (၁၄) ပေ၊ အရှည် (၄၆)ပေကို (၄) လက်မထုရှိ ကွန်ကရစ်ခင်းပြုပြင်နေခြင်းဖြစ်ပြီး ကျေးရွာနေအလှူရှင်များ၏ စုပေါင်းထည့်ဝင်ငွေဖြင့် ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ 

 

“ဒီလမ်းက ကျေးရွာတွင်းလမ်းဆိုပေမဲ့  ပန်းအိုင်ကျေးရွာ အရှေ့ဖက်ရှိ ထနောင်းကျင်း၊ ရွာသစ်၊ ကုက္ကိုပင်တဲတိုက်၊  မကျီးကုန်း၊ ဆုံတွင်း စသည့် ကျေးရွာများနှင့် ဆက်သွယ်သည့် လမ်းမဖြစ်ပြီး ရဟန်းရှင်လူ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံ ပြည်သူများနေ့စဉ် အသုံးပြုသွားလာနေသည့် လမ်းဖြစ်ပါတယ်။ လမ်းက ကုန်းတက်ကြီးလည်းဖြစ်၊ ရေစားပြီး ချိုင့်ခွက်တွေများလို့ ယာဉ်သွားလာမှု အတော်ခက်ခဲလို့ ပြုပြင်နေတာပါ။ ခန့်မှန်းကုန်ကျငွေကျပ် ၄၇၀ဝ၀ဝ ကျော်ရှိပါတယ်” ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်သက်က ပြောပြသည်။

 

အောင်ဌေး(မလှိုင်)