ပုသိမ် နိုဝင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကျက်သရေဆောင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ (၃၈)ကြိမ်မြောက် မသိုးသင်္ကန်း ရက်ခတ် ယှဉ်ပြိုင်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ရွှေမုဋ္ဌော မဟာစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက နှစ်စဉ်နှစ်တိုင်း ရက်ကန်းစင်တော်များကို တိုးချဲ့၍ မသိုးသင်္ကန်းရက်ခတ် ယှဉ်ပြိုင်ဆောင်ရွက်ကာ မသိုးသင်္ကန်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် မာရဝိဇယစေတီတော်မြတ်ကြီးတွင် ပြုလုပ်သည့် ရက်ကန်းရက်ပြိုင်ပွဲတွင်လည်း ကြိုတင်ပြင်ဆင်ရွေးချယ်၍ တိုင်းဒေသကြီးကိုယ်စားပြု သွားရောက် ယှဉ်ပြုင်ခဲ့ကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာနှင့်အညီ နှစ်စဉ်နှစ်တိုင်း အစဉ်အလာမပျက် မသိုးသင်္ကန်းများကို ရက်ခတ်ယှဉ်ပြိုင်လျက်ရှိကြောင်း အမှာစကား ပြောကြားသည်။
ထို့နောက် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က မသိုးသင်္ကန်းဆိုင်ရာများနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်း တင်ပြသည်။ ဆက်လက်၍ ယှဉ်ပြိုင် ရက်ခတ်ကြမည့် ရက်ကန်းပညာရှင်များက သတ်မှတ်စင်တော်များ၌ နေရာယူကြကာ မသိုးသင်္ကန်းရက်ကန်းပြိုင်ပွဲ အမှတ်ပေး စည်းမျဉ်းများကို ဒိုင်အဖွဲ့ဝင်တစ်ဦးက ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က မင်္ဂလာအချိန်တွင် မင်္ဂလာရွှေမောင်းတီး၍ ပြိုင်ပွဲကိုဖွင့်လှစ်ပေးသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိများက မသိုးသင်္ကန်းယှဉ်ပြိုင် ရက်ခတ်နေမှုများကို ကြည့်ရှုအားပေးပြီး ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများ ပေးအပ်သည်။
ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ (၃၈)ကြိမ်မြောက် မသိုးသင်္ကန်းရက်ခတ် ယှဉ်ပြိုင်ပွဲတွင် ပိတောက်စင်တော်၊ ဇလပ်စင်တော်၊ ကံ့ကော်စင်တော်၊ ဒေါန စင်တော်၊ နှင်းဆီစင်တော်၊ ဇီဇဝါစင်တော်၊ ခတ္တာစင်တော်၊ အင်ကြင်းစင်တော်၊ စံပယ်စင်တော်စသည့် ရက်ကန်းစင်တော် ကိုးစင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဘုရားဖူး လာရောက်ကြသူများ၊ မသိုးသင်္ကန်း ယှဉ်ပြိုင်ရက်ခတ်မှုများကို လာရောက် ကြည့်ရှုလေ့လာသူများဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


