တောင်ကြီး နိုဝင်ဘာ ၄
တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် မသိုးသင်္ကန်းရက်လုပ်လှူဒါန်းပွဲကို ယမန်နေ့ညနေ ၅ နာရီက တောင်ကြီးမြို့ စူဠာမုနိလောကချမ်းသာစေတီတော်ရင်ပြင်၌ ကျင်းပသည်။
ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်
မသိုးသင်္ကန်းရက်လုပ်လှူဒါန်းပွဲကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်ဇနီး၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့မှ ကိန္နရီ၊ ကိန္နရာ၊ တိုးနယားအကအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ တာဝန်ရှိသူများသည် ဓမ္မဓိန္နာစင်တော်၊ ဂေါတမီစင်တော်၊ သုဇာတာစင်တော်၊ သာမာဝတီစင်တော်၊ ဥပ္ပလဝဏ်စင်တော်တို့တွင် အင်းလေးဒေသနှင့် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းသူလေးများက မသိုးသင်္ကန်းရက်လုပ်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ယနေ့နံနက် ၄ နာရီတွင် တောင်ကြီးမြို့ စူဠာမုနိလောကချမ်းသာစေတီတော် ဗုဒ္ဓရုပ်ပွားတော်မြတ် အား မသိုးသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်၍ စူဠာမုနိဘုရားအား လက်ယာရစ်လှည့်လည်ပူဇော်ပြီး စေတီအတွင်းရှိ ရုပ်ပွားတော် လေးဆူအား မသိုးသင်္ကန်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ဆရာတော်၊ သံဃာတော်များက ဗုဒ္ဓါဘိသေက အနေကဇာတင်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိသတ်တို့က နိုင်ငံတော်သြဝါဒါစရိယ တောင်ကြီးမြို့ ကံသာရပ်ကွက် စွန်းလွန်းဂူကမ္မဋ္ဌာန်းကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ ပွားများအပ်သော မေတ္တသုတ်ပရိတ်တရားတော်မြတ်ကို နာယူကြည်ညိုကြသည်။
ဆက်လက်၍ ဆရာတော်၊ သံဃာတော်များအား ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ရှမ်းပြည်နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ သိမ်တောင် ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တတေဇဝန္တထံမှ လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရား နာယူကြည်ညို၍ ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ပြီး ဆရာတော်၊ သံဃာတော်များအား အရုဏ်ဆွမ်း ဆက်ကပ်ကြသည်။
မောင်မောင်သန်း(တောင်ကြီး)


