တောင်ကြီး နိုဝင်ဘာ ၄

 

ရှမ်းပြည်နယ်၏ အထင်ကရ ပွဲတော်တစ်ခုဖြစ်သည့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း ပြည်သူများအား အသိပေး ကြေညာထားခဲ့ပြီး လက်ရှိ မိုးလေဝသ အခြေအနေများအရ ညမီးကြီး၊ စိန်နားပန်မီးပုံးပျံများအား ပြိုင်ပွဲရက်များတွင် သတ်မှတ်မီးပုံးပျံအရေအတွက်အတိုင်း လွှတ်တင်နိုင်ခဲ့ခြင်းမရှိသဖြင့် ပြိုင်ပွဲကို နိုဝင်ဘာ ၇ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

တောင်ကြီး တန်ဆောင်တိုင်ပွဲတော် ပြိုင်ပွဲဝင် မီးပုံးပျံပညာရှင်များ​၏ ဝါသနာ၊ စေတနာ၊ ငွေကြေးနှင့် အချိန်ယူပြီး ကြိုးစားအားထုတ် ပါဝင်ယှဉ်ပြိုင်မှုများကို လေးစားအသိအမှတ်ပြုသောအားဖြင့် လည်းကောင်း၊ မီးပုံးပျံပညာရှင်များ ​ကြိုးစားအားထုတ် တီထွင်ဖန်တီးထားသည့် ညမီးကြီးနှင့် စိန်နားပန်မီးပုံးပျံ လက်ရာများကို ပရိသတ်ပြည်သူများ ဆက်လက် ကြည့်ရှုအားပေးနိုင်ရန်အတွက် လည်းကောင်း မီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာ ၅ ရက်မှ ၇ ရက်အထိ ဆက်လက် ကျင်းပသွားမည်ဖြစ်ပြီး နိုဝင်ဘာ ၈ ရက် ညနေပိုင်းတွင် ပြိုင်ပွဲဝင်မီးပုံးပျံများအား ဆုချီးမြှင့်ခြင်း၊ တန်ဆောင်တိုင်ပွဲတော် ဂုဏ်ပြုစိန်နားပန်မီးပုံးပျံ၊ ညမီးကြီး မီးပုံးပျံများ လွှတ်တင်ခြင်း၊ မီးရှူး မီးပန်းအလှများ လွှတ်တင်ခြင်း များဖြင့် တန်ဆောင်တိုင်ပွဲတော် ပိတ်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း တောင်ကြီးတန်ဆောင် တိုင်ပွဲတော်ကျင်းပရေးဦးစီးကော်မတီမှ သိရသည်။

 

အဆိုပါ ရက်တိုးမြှင့်ထားသည့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲနှင့်အတူ နိုဝင်ဘာ ၅ ရက်နှင့် ၆ ရက်တို့တွင် ခေတ်ပေါ် တေးဂီတ၊ မြူးကြွသည့်တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်သွား မည်ဖြစ်ကြောင်း မီးပုံးပျံပွဲတော် ပရိသတ်များသိရှိနိုင်ရန် အသိပေး ကြေညာထားကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)