မဲလ်ဘုန်း နိုဝင်ဘာ ၄
တစ်နေ့လျှင် ခြေလှမ်း ၅၀၀၀ မှ ၇၅၀၀ ကြားလှမ်းခြင်းသည် အယ်ဇိုင်းမားရောဂါနှင့် ဆက်နွှယ်သော ဦးနှောက်ပြောင်းလဲမှုဖြစ်စဉ်များကို နှေးကွေးအောင် ကူညီပေးနိုင်ကြောင်း ဩစတြေးလျနှင့် အပြည်ပြည်ဆိုင်ရာ သုတေသီများ၏ ပြောကြားချက်အရ သိရသည်။
Nature Medicine မဂ္ဂဇင်းတွင် ဖော်ပြထားသော အဆိုပါ လေ့လာမှုတွင် အသက် ၅၀ မှ ၉၀ အတွင်း ဦးနှောက်လုပ်ဆောင် ချက်ပုံမှန်ရှိသော လူပေါင်း ၂၉၄ ဦးအား ၁၄ နှစ်အထိ လေ့လာစောင့်ကြည့်ခဲ့ကြောင်း၊ ၎င်းတို့၏ နေ့စဉ် ခြေလှမ်းအရေအတွက်၊ ဦးနှောက်လုပ်ဆောင်ချက်နှင့် အယ်ဇိုင်းမားရောဂါနှင့် ဆက်နွှယ်နေသော ပရိုတင်းဓာတ်များ ဦးနှောက်ထဲစုပုံလာမှု စသည့်အချက်များကို လေ့လာစောင့်ကြည့်ခဲ့ကြောင်း သိရသည်။
ကိုယ်လက်လှုပ်ရှားမှု ပိုမိုလုပ်ဆောင်ခြင်းက ဦးနှောက်စွမ်းဆောင်ရည် ကျဆင်းမှုကို နှေးကွေးစေခြင်းနှင့် ဆက်စပ်နေသည်ဟု ဆိုသည်။ ဦးနှောက်ထဲတွင် အယ်ဇိုင်းမားရောဂါ အစောပိုင်းလက္ခဏာပြသသူများသည် နေ့စဉ် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် ရောဂါတိုးတက်မှုကို နှေးကွေးစေနိုင်ကြောင်း ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းတက္ကသိုလ် သုတေသီများက ပြောကြားသည်။
လေ့လာမှုတစ်ရပ်တွင် နေ့စဉ် ခြေလှမ်း ၅၀၀၀ ကျော် လှမ်းသောသူများသည် မှတ်ဉာဏ်နှင့် တွေးခေါ်မှုစွမ်းရည် ကျဆင်းနှုန်းပိုမိုနှေးကွေးကြောင်း ဖော်ပြထားသည်။ တစ်နေ့ ခြေလှမ်း ၅၀၀၀ မှ ၇၅၀၀ ကြားလှမ်းသည့် အလယ်အလတ်အဆင့်လှုပ်ရှားမှုက Tau ပရိုတင်းနှင့် သိမြင်မှုစွမ်းရည် တည်ငြိမ်စေကြောင်းလည်း သိရသည်။ ထို့အပြင် တစ်နေ့ကို ခြေလှမ်း ၃၀၀၀ မှ ၅၀၀၀ ဝန်းကျင်ကြား လှမ်းလျှင်ပင် Tau ပရိုတင်းနှင့် သိမြင်မှုစွမ်းရည်ကျဆင်းမှုကို သိသိသာသာ နှေးကွေးစေကြောင်း သိရသည်။
ဆင်ဟွာ


