မုံရွာ နိုဝင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် မုံရွာမြို့ မြို့ရာပြည့်စေတီတော်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော် လေးဆူအား မသိုးရွှေကြာသင်္ကန်း ဆက်ကပ် လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့ မြို့ရာပြည့်စေတီတော်ကြီး၌ ကျင်းပသည်။
အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများနှင့် ဂေါပကအဖွဲ့များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များက ဗုဒ္ဓရုပ်ပွားတော်မြတ် လေးဆူအား မသိုးရွှေကြာ သင်္ကန်းများ ဝတ်ရုံသပ္ပာယ်တော် မူကြပြီး ပင့်သံဃာ ဆရာတော် သံဃာတော်များအား အရုဏ်ဆွမ်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ရာပြည့်ကပ်ကျော် စေတီတော်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းနှင့် အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ပွား သရဇ္စျာယ်ခြင်းနှင့် သံဃာတော် အပါး ၁၀၀၀ အား ဆွမ်းဆန်စိမ်း လောင်းလှူခြင်းတို့ ကျင်းပရာ မုံရွာမြို့ လယ်တီရပ်ကွက် လယ်တီ ကျောင်းတိုက်ကြီး၏ တိုက်အုပ် နာယက နိုင်ငံတော် သံဃမဟာ နာယက ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။
ယင်းနောက် ပင့်သံဃာ ဆရာတော် သံဃာတော်များက မြို့ရာပြည့်စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာ တင်ပူဇော်ကြပြီး ရတနသုတ်၊ မေတ္တသုတ်၊ အန္တရာယ်ကင်းပရိတ် တရားတော်များ ရွတ်ပွား သရဇ္ဈာယ်ချီးမြင့်တော်မူကြသည်။
ထို့နောက် ပင့်သံဃာဆရာတော် သံဃာတော်များထံ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။
ယင်းနောက် မုံရွာမြို့ အောင်ချမ်း သာရပ်ကွက် သဒ္ဓမ္မပဇ္ဇောတာရုံ ကျောင်းတိုက်ကြီး၏ ပဓာန နာယက နိုင်ငံတော်သံဃမဟာ နာယက ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည်ပရိသတ်များက အနုမောဒနာ တရားနာယူကြည်ညို၍ ရေစက်သွန်းချ အမျှပေးဝေကြသည်။
ဆက်လက်၍ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (စတုတ္ထအကြိမ်) သံဃာတော်အပါး ၁၀၀၀ ဆွမ်း ဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပွဲကို မြို့ရာပြည့် စေတီတော်မြတ်ကြီး အရှေ့ဘက် ကန်သာယာ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ် နှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီး များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အလှူရှင်များနှင့် မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီ ကောလိပ်များ၊ ကိုယ်ပိုင်ဆေးရုံ/ကျောင်းများ၊ MSME လုပ်ငန်းရှင်များနှင့် ဆန်/ဆီကုန်သည်ကြီးများ အသင်းများက သံဃာတော်အပါး ၁၀၀၀ နှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများအား ဆွမ်းဆန်စိမ်းများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လောင်းလှူကြသည်။
ညနေပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အရှေ့ဘက်ကန်သာယာကန်ရှိ ပြည်ထောင်စုရင်ပြင်၌ ကျင်းပသည့် တန်ဆောင်တိုင်ပွဲတော်သို့ ရောက်ရှိပြီး တန်ဆောင်တိုင် ပွဲတော်သို့ လာရောက်ကြသည့် မုံရွာမြို့ပေါ်မှ ဌာနဆိုင်ရာဝန်ထမ်းများ၊ တက္ကသိုလ်/ ဒီဂရီကောလိပ်များမှ ကျောင်းသား ကျောင်းသူများနှင့် မြို့ပေါ်ရှိ ရပ်ကွက်နေ ပြည်သူများအား တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှိ ဝန်ကြီးဌာနများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးနှင့် မုံရွာမြို့ပေါ်ရှိ ပုဂ္ဂလိကဆေးရုံ/ ကျောင်းများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ဆန်/ ဆီကုန်သည်ကြီးများ အသင်းများနှင့် MSME လုပ်ငန်း ရှင်များက စတုဒိသာမဏ္ဍပ် ၂၂ ခု ဖြင့် ဧည့်ခံကျွေးမွေးနေမှုများကို လိုက်လံကြည့်ရှု၍ တန်ဆောင်တိုင်ပွဲတော်သို့ လာရောက်ကြသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။ ပွဲတော်တွင် မီးပုံးပျံအလုံး ၁၅၀၀ကျော်ကို တပျော်တပါး လွှတ်တင်ကာ မီးရှူးမီးပန်းများ ပစ်ဖောက်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


