မန္တလေး  ၁၇ မတ်

မန္တလေးမြို့တွင် အပတ်စဉ် တနင်္ဂနွေနေ့အား မြို့တော်သန့်ရှင်းရေးနေ့အဖြစ် သတ်မှတ်ဆောင်ရွက်နေသည့် စုပေါင်း အမှိုက်ကောက်ပွဲကို ယနေ့ နံနက်ပိုင်းက မန္တလေး-ပြင်ဦးလွင် ကားလမ်းတစ်လျှောက် ဆောင်ရွက်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် တက်ရောက်ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

1

 

အဆိုပါ စုပေါင်းအမှိုက်ကောက်ပွဲကို နံနက် ၆ နာရီခွဲမှစ၍ မန္တလေး-ပြင်ဦးလွင် ကားလမ်းရှိ အောင်ပင်လယ်မှ ကျောက်မီးရွာအထိ အပိုင်း (၇)ပိုင်း ခွဲဝေသတ်မှတ်ကာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်နှင့် ကော်မတီဝင်များ၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်အတူ မန္တလေး ၆ မြို့နယ်မှ ဒေသခံပြည်သူများ၊ ပရဟိတ အဖွဲ့အစည်းများအပြင် ပုသိမ်ကြီးမြို့နယ်မှ ဒေသခံပြည်သူများလည်း  စုပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည်။

 

2

 

“ဒီလမ်းက ပြည်တွင်းပြည်ပ ခရီးသွားတွေ အသွားအလာများတဲ့အတွက် အမှိုက်တွေနဲ့ ညစ်ပတ်နေရင် မြို့တော်ရဲ့ ပုံရိပ်ကို ထိခိုက်စေတယ်။ ဒါကြောင့် ဒီလမ်းကို အခုလို စုပေါင်းပြီး သန့်ရှင်းရေးလုပ်တာပါ။ ဒီလုပ်ငန်းက တစ်ခါတည်းနဲ့ မပြီးနိုင်ဘူး။ ဆက်ပြီး လုပ်သွားရမှာပါ။ ပြည်သူလူထုကလည်း လမ်းဘေးမြေကွက်လပ်နဲ့ လမ်းလယ်ကျွန်းရှိတဲ့ နေရာတွေမှာ အမှိုက်မပစ်ဖို့ တောင်းပန်ချင်ပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်စံပြဖြစ်အောင် လုပ်ပြနိုင်ရင် ကျန်တဲ့သူတွေကလည်း အမှိုက်ကို စနစ်တကျ စွန့်ပစ်မယ်ဆိုရင် မြို့တော်သန့်ရှင်းသွားမှာပါ” ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

ယနေ့ ပြုလုပ်သည့် အမှိုက်ကောက်ပွဲတွင် လာရောက်ပါဝင်ဆောင်ရွက်သူ မဖြူဖြူစိုးကလည်း “ကျွန်မတို့အဖွဲ့တွေက မြို့တော် သန့်ရှင်းသာယာလှပအောင် တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ဆောင်ရွက်ပေးတာပါ။ ကျွန်မတို့မြို့ကို Smart City မြို့တော်အဖြစ် သတ်မှတ်ခံထားရတဲ့အတွက်လည်း ဂုဏ်ယူစွာနဲ့ ပါဝင်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ အမှိုက်ကောက်တာ ရှက်စရာမဟုတ်ပါဘူး။ အမှိုက်ကို စည်းကမ်းမဲ့ ပစ်ခြင်းကသာ ရှက်စရာပါ။ ဒါကြောင့် အားလုံး တာဝန်သိစိတ်နဲ့ အမှိုက်ကို စည်းကမ်းတကျ စွန့်ပစ်ဖို့ လိုပါတယ်” ဟု ပြောသည်။

မန္တလေးမြို့တွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း စုပေါင်းအမှိုက်ကောက်ပွဲများကို ၂၀၁၈ ခုနှစ် ဧပြီလစ၍ အပတ်စဉ် မန္တလေးမြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ် ၆ မြို့နယ်တွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုပြုလုပ်သည့် စုပေါင်းအမှိုက်ကောက်ပွဲကို စည်ပင်နယ်နိမိတ် အပြင်ဘက်ရှိ ပြည်တွင်း ပြည်ပ ခရီးသွားများ အဓိကသွားလာရာ မန္တလေး-ပြင်ဦးလွင် ကားလမ်းတစ်လျှောက် သန့်ရှင်းသာယာလှပစေရေးအတွက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)
ဓာတ်ပုံ - အောင်ဖြိုးကျော်