နိုဝင်ဘာ ၅

ဖိလစ်ပိုင်နိုင်ငံတွင် နိုဝင်ဘာ ၄ ရက်နေ့ကစတင်ကာ တိုင်ဖွန်းမုန်တိုင်း ကယ်မယ်ဂီဝင်ရောက်တိုက်ခတ်မှုကြောင့်  ၂၆ ဦး ပျောက်ဆုံးလျက်ရှိပြီး သေဆုံးသူ ၆၆ ဦး အထိ မြင့်တက်လာကြောင်း အရပ်ဘက်ကာကွယ်ရေးရုံးက ယနေ့တွင်ပြောကြားသည်။

အဆိုပါမုန်တိုင်းတိုက်ခတ်မှုသည် ဆီဗူးပြည်နယ်တွင် ထိခိုက်မှုအဆိုးရွားဆုံးဖြစ်ကြောင်းနှင့် သေဆုံးသူ ၆၆ ဦးအနက် ၄၉ ဦးသည် ထိုပြည်နယ်မှဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုမုန်တိုင်းသည် လူပေါင်း ၇၀၆၀၀၀ ကျော်ကို သက်ရောက်မှုရှိကြောင်းနှင့် ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

ပြည်နယ်မိုးလေဝသဗျူရိုက ယနေ့မနက်အစောပိုင်းအထိ ကယ်မယ်ဂီ၏ဗဟိုချက်သည် ပါလာဝမ်ပြည်နယ်၊ အယ်လ်နီဒိုတွင် ရှိပြီး အနောက်-အနောက်မြောက်ဘက်သို့ တစ်နာရီလျှင် ၂၅ ကီလိုမီတာနှုန်းဖြင့် ရွေ့လျားလျက်ရှိကာ အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီလျှင် ၁၂၀ ကီလိုမီတာနှင့် လေပြင်းတိုက်ခတ်မှု တစ်နာရီလျှင် ၁၆၅ ကီလိုမီတာအထိ ရှိသည်ဟု ပြောကြားသည်။

ကယ်မယ်ဂီမုန်တိုင်းသည် ယခုနှစ်အတွင်း ဖိလစ်ပိုင်ကျွန်းစုကို ဝင်ရောက်တိုက်ခတ်သည့် ၂၀ ခုမြောက် တိုင်ဖွန်းမုန်တိုင်းဖြစ်သည်။

ပစိဖိတ်တိုင်ဖွန်းဇုန်တစ်လျှောက်တွင်တည်ရှိသော ဖိလစ်ပိုင်နိုင်ငံတွင် နှစ်စဉ် ပျမ်းမျှတိုင်ဖွန်းမုန်တိုင်း ၂၀ ကြိမ် တိုက်ခတ်လေ့ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို