ခါတွန် နိုဝင်ဘာ ၅

 

ဆူဒန်နိုင်ငံ၏ မြို့နှစ်မြို့၌ အငတ်ဘေးဆိုက်လျက်ရှိကြောင်း ကုလသမဂ္ဂက ယနေ့ကြေညာခဲ့သည်။ ကုလသမဂ္ဂက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေကို ပိုမိုဆိုးရွားစေသည့် တပ်မတော်နှင့် အရန်တပ်ဖွဲ့များကြား ပစ်ခတ်တိုက်ခိုက်မှုများကို အဆုံးသတ်ရန်လည်း တောင်းဆိုထားသည်။

 

ဆူဒန်နိုင်ငံအနောက်ပိုင်း ဒါဖာဒေသနှင့် တောင်ဘက်ရှိ ကာဒတ်လီတို့တွင် ငတ်မွတ်ခေါင်းပါးမှု အခြေအနေများကို အတည်ပြုနိုင်ခဲ့ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်နှင့် အခြားကုလသမဂ္ဂအေဂျင်စီများ ပါဝင်သော ကော်မတီက အစီရင်ခံစာတစ်ရပ် ထုတ်ပြန်ခဲ့သည်။

 

အစားအစာ အလွန်အမင်းပြတ်လပ်နေသည့် အိမ်ထောင်စုအနည်းဆုံး ၂၀ ရာခိုင်နှုန်းနှင့် အာဟာရချို့တဲ့သည့် ကလေးငယ်အနည်းဆုံး ၃၀ ရာခိုင်နှုန်းရှိသည့် ဒေသကို အငတ်ဘေးဆိုက်ရောက်နေသည်ဟု သတ်မှတ်ကြောင်း သိရသည်။

 

ကော်မတီက လာမည့်နှစ် ဇန်နဝါရီလအထိ အငတ်ဘေးများ ဆက်လက်ဖြစ်ပေါ်နေမည်ဟု ခန့်မှန်းထားသည်။

 

ထို့ပြင် ဆူဒန်လူဦးရေ၏ ထက်ဝက်နီးပါးဖြစ်သည့် ပြည်သူ ၂၁ သန်းကျော်သည် အငတ်ဘေး အပါအဝင် စားနပ်ရိက္ခာမလုံလောက်မှုဒဏ်ကို ဆိုးရွားစွာ ရင်ဆိုင်နေရကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

 

တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက်ရှိသည့် အီဖာဆာမြို့ကို ဆူဒန်၏ အရန်အမြန်ထောက်ပံ့ရေးတပ်ဖွဲ့က အောက်တိုဘာလ နှောင်းပိုင်းတွင် သိမ်းပိုက်ခဲ့သည်။

 

အောက်တိုဘာ ၂၈ ရက်က အီဖာဆာမြို့ရှိဆေးရုံ တိုက်ခိုက်ခံရပြီး လူနာ ၄၆၀ ကျော် သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။

 

ကိုးကား -အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်