ရန်ကုန် နိုဝင်ဘာ ၅
မြန်မာ့လက်ရွေးစင် အမျိုးသား ဖူဆယ်အသင်းသည် (၃၃) ကြိမ်မြောက် ထိုင်းဆီးဂိမ်းပြိုင်ပွဲ အတွက် စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။
မြန်မာ့လက်ရွေးစင် အမျိုးသား အသင်းကို ပဏာမကစားသမား ၂၄ ဦးဖြင့် ဖွဲ့စည်းထားပြီး အောက်တိုဘာ ၁၃ ရက်မှစ၍ စခန်းဝင်လေ့ ကျင့်နေခြင်း ဖြစ်သည်။ မြန်မာ့ လက်ရွေးစင် အမျိုးသားဖူဆယ် အသင်းသည် အာရှဖလား ဖူဆယ် ခြေစစ်ပွဲမအောင်မြင်ပြီးနောက် ကစားသမားများ ပြောင်းလဲထားပြီး စီနီယာ ကစားသမားအချို့ကို ချန်လှပ်ကာ လူငယ်ကစားသမားများ၊ မျက်နှာသစ် ကစားသမားများ ဦးစားပေး ရွေးချယ်ထားခြင်းဖြစ်သည်။ ယင်းအသင်းကို နည်းပြချုပ်အဖြစ် ထိုင်းနိုင်ငံသား ပတ္တရား ပီခွန်က ဆက်လက် ကိုင်တွယ် လျက်ရှိသည်။ မြန်မာ့ လက်ရွေးစင် ဖူဆယ်အမျိုးသား အသင်းတွင် ပဏာမကစားသမားများအဖြစ် ဂိုးသမား- မိုင်းစိုးမြတ်ထွေး၊ မျိုးကိုကိုဦး (MIU)၊ ကျော်ရဲသွေး (Winner Generations)၊ ကျော်ဇင်မျိုးဦး (YRG)၊ ကစား သမား- မင်းခန့်၊ သက်ထွန်း၊ မင်းခန့်သူ၊ စိုင်းပြုံးအောင်၊ ထွန်းအောင်ကျော် (MIU)၊ အောင်ကျော်ဖြိုး (United City)၊ ရှိုင်းထက်အောင်၊ ဝေယံဖြိုး၊ မျိုးသက်ကျော် (VUC)၊ မင်းချစ်သူ၊ မင်းထက်နိုင် (M2K)၊ ကိုကိုလွင်၊ နိုင်လင်းထွန်းကျော်၊ စည်သူအောင်၊ သက်နောင် (YRG)၊ ဆက်ဝေယံ၊ ထွဋ်ထွဋ်လွင် (Winner Generations)၊ ထွန်းထွန်းဝင်း (ပြည့်စုံ FC)၊ ဂျင်မီစိုး (YCDC MHDT)၊ ထူးဝေယံ (ဟံသာဝတီ) တို့ ပါဝင်ကြသည်။
လာမည့် ဆီးဂိမ်းပြိုင်ပွဲတွင် အမျိုးသားဖူဆယ်ပြိုင်ပွဲ၌ ပြိုင်ပွဲ ဝင်ငါးသင်းသာရှိသဖြင့် ပတ်လည် စနစ်ဖြင့် ကျင်းပမည်ဖြစ်သည်။ အိမ်ရှင်ထိုင်းအသင်းအပါအဝင် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မြန်မာနှင့် မလေးရှားအသင်းတို့ ယှဉ်ပြိုင်မည် ဖြစ်သည်။
သတင်း-ကိုညီလေး
ဓာတ်ပုံ-MFF


