မကွေး နိုဝင်ဘာ ၅
ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာန၏ လမ်းညွှန်မှု၊ မကွေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာန ဦးဆောင်မှုဖြင့် တိုင်းပြည်သူ့ဆေးရုံကြီး ဆေးဘက်ကျွမ်းကျင်(၃) (ဓာတ်မှန်)ခြောက်လ သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းပြည်သူ့ဆေးရုံကြီးမှ အထူးကု ဆရာဝန်ကြီးများ၊ သူနာပြုဆရာမကြီးများ၊ ဓာတ်မှန်ဌာနမှ သင်တန်းဆရာများနှင့် ဆေးဘက်ကျွမ်းကျင်(၃) (ဓာတ်မှန်) ခြောက်လသင်တန်းသို့ တက်ရောက်ခဲ့သော သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဗဟိုအဆင့်နှင့် ပြည်နယ်/ တိုင်းဒေသကြီးအဆင့် ပြည်သူ့ဆေးရုံကြီးများတွင် လစ်လပ်နေသည့် ဆေးဘက်ကျွမ်းကျင်-၃ (ဓာတ်မှန်) ရာထူးနေရာများ တိုးမြှင့်ခန့်ထားနိုင်ရန် တိုင်းပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့အပါအဝင် ပြည်နယ်/ တိုင်းဒေသကြီး အသီးသီးရှိ ပြည်သူ့ဆေးရုံကြီး ၁၃ ရုံတွင် သင်တန်းသား စုစုပေါင်း ၃၀၀ ကို တစ်ပြိုင်တည်း သင်တန်း ဖွင့်လှစ် ဆောင်ရွက်ခဲ့ကြောင်း၊ သင်တန်းသား သင်တန်းသူများ အနေဖြင့် မိမိတို့ တာဝန်ထမ်းဆောင် လျက်ရှိသည့် ပြည်သူ့ဆေးရုံများတွင်လည်းကောင်း၊ သင်တန်းဆင်းပြီး မကြာမီ ရာထူးတိုးမြှင့် ခန့်ထားပေးမည့် ပြည်သူ့ဆေးရုံကြီးများတွင်လည်းကောင်း လူနာများအကျိုးရှေးရှုပြီး နိုင်ငံ့ဝန်ထမ်း တစ်ဦး၏ ကျင့်ဝတ်နှင့် ဓာတ်မှန်ကျွမ်းကျင် ဝန်ထမ်းတစ်ဦး၏ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက သင်တန်းဆင်းများကိုယ်စား သင်တန်းသား သင်တန်းသူတစ်ဦးစီကို သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ရာ သင်တန်းဆင်းများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။ အဆိုပါသင်တန်းကို အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၁၇ ဦး စုစုပေါင်း ၂၉ ဦးဖြင့် မေ ၅ ရက်မှစတင်၍ ခြောက်လကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)


