နေပြည်တော် နိုဝင်ဘာ ၅
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်သည် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Programme) ၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr.Samir Sudhir Wanmali နှင့် ဘန်ကောက်မြို့ အခြေစိုက်ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (United Nations Office for Project Services- UNOPS)၏ အာရှဒေသဆိုင်ရာရုံး ညွှန်ကြားရေးမှူး Mr. Sanjay Mathur တို့အား ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) နေပြည်တော်၌ သီးခြားစီလက်ခံတွေ့ဆုံသည်။
အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးနှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ လက်ရှိ WFP က အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ အထောက်အပံ့များ အကျိုးရှိထိရောက်စေရေး၊ ၂၀၂၆ ခုနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် အကောင်အထည်ဖော်ခွင့်ရရှိရေး၊ မြန်မာနိုင်ငံဆိုင်ရာမဟာဗျူဟာအစီအစဉ်အသစ်(၂၀၂၇-၂၀၂၉) ပြင်ဆင်ရေးနှင့် ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
ဆက်လက်၍ UNOPS မှ အာရှဒေသဆိုင်ရာရုံး ညွှန်ကြားရေးမှူး Mr. Sanjay Mathur နှင့်တွေ့ဆုံ ရာတွင် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင်မှုရုံး (UNOPS)တို့အကြား လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်နေသည့်အစီအစဉ်များနှင့် ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ မန္တလေးငလျင်ကြောင့်ထိခိုက်ခဲ့မှုများကို ပြန်လည် ထူထောင်ရေးတွင် ပူးပေါင်းဆောင်ရွက်စေလိုသည့် လုပ်ငန်းများကိုလည်းကောင်း အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
အဆိုပါ တွေ့ဆုံပွဲများသို့ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်နှင့် အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ WFP ရုံးနှင့် UNOPS ရုံးတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


