ရန်ကုန် နိုဝင်ဘာ ၅
မြန်မာနိုင်ငံ၌ ရောက်ရှိနေသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး H.E.Mr. Andrey Aleksandrovich Travnikov ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ တပ်မတော်အထူး လေယာဉ်ဖြင့်ထွက်ခွာရာ ရန်ကုန်မြို့သို့ ရောက်ရှိကြသည်။
ထို့နောက် နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကာ အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။
ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံး မင်္ဂလာခန်းမ၌ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်း၊ အထွေထွေအတွင်းရေးမှူးနှင့် အမှုဆောင် အဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး စီးပွားရေးဆိုင်ရာများနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
ယင်းနောက် အဆိုပါကိုယ်စားလှယ်အဖွဲ့သည် ရွှေတိဂုံစေတီတော်မြတ်ကြီးအား သွားရောက် ဖူးမြော်ကြည်ညိုကြပြီး ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ သာသနိကအဆောက်အအုံများကို ကြည့်ရှုလေ့လာကြသည်။
မွန်းလွဲပိုင်းတွင် ဧည့်သည်တော် နိုဗိုစီဗစ်ဒေသ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ပြန်လည် ထွက်ခွာရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာမှ တာဝန်ရှိသူများ၊ တိုင်းရင်းသား တိုင်းရင်းသူများက မြန်မာ - ရှရှား နှစ်နိုင်ငံအလံငယ်များကို ဝှေ့ယမ်း၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မထွက်ခွာမီ တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုဗိုစီဗစ်ဒေသ အုပ်ချုပ်ရေးမှူးအား မြန်မာနိုင်ငံ ခရီးစဉ်မှတ်တမ်း ဓာတ်ပုံအယ်လ်ဘမ်ကို အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


