မော်လမြိုင် နိုဝင်ဘာ ၅

 

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး‌အောင်ကြည်သိန်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ သံလွင်ဥယျာဉ်ဧရိယာ ၁၃ ဒသမ ၉၉ ဧကအတွင်း အဆင့်မြင့်အပန်းဖြေ ဥယျာဉ်နှင့် ကစားကွင်းစီမံကိန်း ဆောင်ရွက်မှုလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 

ဦးစွာရှင်းလင်းဆောင်၌ မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့နှင့် Mawlamyine Develo-pment Co.Ltdမှ မန်နေဂျင်း ဒါရိုက်တာတို့က သံလွင်ဥယျာဉ် ပန်းခြံအဆင့်မြှင့်တင်နေမှု၊ Night Market တည်ဆောက်ခြင်း၊ Promotion Area ကွန်ကရစ်ခင်းခြင်းနှင့် အဝင်ဂိတ်တည်ဆောက်ခြင်း၊ ပြေးလမ်း၊ စက်ဘီးလမ်း တည်ဆောက်ခြင်း၊ ကလေးကစားကွင်းနှင့် ကျန်းမာရေးအထောက်အကူပြု ကိရိယာများ တပ်ဆင်ခြင်း၊ မြေယာရှုခင်းများ ပြင်ဆင်ထားရှိမှု၊ ရေပန်းများ၊ လမ်းများ အဆင့်မြှင့်တင် ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူများ စိတ်အေးချမ်းမြေ့စွာ အပန်းဖြေ အနားယူနိုင်ရေး၊ အမှိုက်နှင့်စွန့်ပစ် ပစ္စည်းများ စနစ်တကျရှိစေရေးအတွက် ဆောင်ရွက်ထားရှိရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီး‌ရေး ဆောင်ရွက်ရန်မှာကြား၍ တာဝန်ရှိသူများနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ထို့ပြင် မွန်ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများ ပေါ်ထွန်းလာစေရေး အ‌လေးထား‌ ဆောင်ရွက်လျက်ရှိရာ ၂ဝ၂၅- ၂ဝ၂၆ ပညာသင်နှစ် မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု အဆိုပြု လျှောက်ထားလာသော အခြေခံပညာကျောင်းများသို့ အထောက်အပံ့ပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး ရာမညခန်းမ၌ ကျင်းပသည်။

 

ဦးစွာ မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများဖော်ဆောင်ရေး ဦးစီးကော်မတီနာယက ပြည်နယ်ဝန်ကြီးချုပ်က ယခုနှစ်တွင် ပြည်နယ်အတွင်း ကျောင်းပေါင်း ၃၀ ပါဝင်ယှဉ်ပြိုင်ရန် အဆိုပြု လျှောက်ထားသည်ကို တွေ့ရှိရပြီး ကျောင်းဖွင့်ရာသီအတွင်း (၃)ကြိမ် ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်၍ အထက်တန်းနှင့် မူလတန်းခွဲပြီး ပထမ၊ ဒုတိယ၊ တတိယဆုများ ချီးမြှင့်သွားမည်ဖြစ်ကာ ပြည်နယ်အဆင့် ပထမဆုရရှိသည့် ကျောင်းများကို အမျိုးသားအဆင့်၌ စာရင်းသွင်း ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု လျှောက်ထားသော အခြေခံပညာကျောင်းများအား အခြေခံပတ်ဝန်းကျင်ဆိုင်ရာဘာသာရပ် ဆရာများ လက်စွဲစာအုပ်နှင့် အမှိုက်ပုံးများ ပေးအပ်သည်။

 

ထို့နောက် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက အခြေခံပညာကျောင်းများအား အခြေခံပတ်ဝန်းကျင်ဆိုင်ရာ ဘာသာရပ်ဆရာများ လက်စွဲစာအုပ်နှင့် အမှိုက်ပုံးများ ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆရာ ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့‌ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)