ဗီယင်ကျန်း နိုဝင်ဘာ ၅

 

လာအိုနိုင်ငံက ၎င်း၏ ပဉ္စမမြောက်လူဦးရေနှင့် အိမ်ရာသန်းခေါင်စာရင်းကောက်ယူမှုကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုဝင်ဘာ ၃ ရက်မှ ဒီဇင်ဘာ ၂၈ ရက်အထိ ဆောင်ရွက်လျက်ရှိသည်။

 

အမျိုးသားလူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်ကို အကောင်အထည်ဖော်ရန်နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ အောင်မြင်မှုရှိစေရန် လူဦးရေနှင့် အိမ်ရာသန်းခေါင်စာရင်း ကောက်ယူခြင်းဖြစ်သည်။

 

သန်းခေါင်စာရင်းသည် လူဦးရေ၊ ဖွဲ့စည်းပုံ၊ ကြီးထွားမှုနှင့် ဖြန့်ဖြူးမှုဆိုင်ရာ အချက်အလက်အပြင် လူမျိုးရေး၊ မသန်စွမ်းမှု၊ အိမ်ရာ၊ ပညာရေးနှင့် ဝန်ဆောင်မှုဆိုင်ရာ အချက်အလက်များကို စုဆောင်းကောက်ယူမည်ဖြစ်သည်။ ရလဒ်များသည် တိုင်းရင်းသားလူမျိုးစုအားလုံးတွင် နေထိုင်မှုဆိုင်ရာ အခြေအနေများကို သိမြင်စေမည်ဖြစ်ပြီး အစိုးရ၏မူဝါဒနှင့် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များကို လမ်းညွှန်ပေးနိုင်မည်ဖြစ်ကြောင်း လာအိုသတင်းအေဂျင်စီက နိုဝင်ဘာ ၅ ရက်တွင် ဖော်ပြသည်။

 

ထို့ပြင် အဆိုပါလုပ်ငန်းစဉ်ကို လေးနှစ်ကြာပြင်ဆင်ပြီးနောက် လာအိုနိုင်ငံ၏ ပထမဆုံးဒစ်ဂျစ်တယ် လူဦးရေသန်းခေါင်စာရင်း ကောက်ယူမှုဖြစ်သည်။ ဒစ်ဂျစ်တယ်စနစ်သည် အချက်အလက်တိကျမှုနှင့် သုံးစွဲနိုင်မှုကို တိုးတက်စေပြီး အမျိုးသားစာရင်းအင်းစနစ်ကို ပိုမိုအားကောင်းစေမည်ဖြစ်သည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်