ကုလသမဂ္ဂ နိုဝင်ဘာ ၅
ကမ္ဘာ့နိုင်ငံများက ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေးရည်မှန်းချက်အသစ်များကို အောင်မြင်စွာအကောင်အထည် ဖော်ဆောင်နိုင်မည်ဖြစ်သော်လည်း ပျမ်းမျှကမ္ဘာ့အပူချိန်သည် ၂ ဒသမ ၅ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာဖွယ်ရှိကြောင်း ကုလသမဂ္ဂက ယမန်နေ့တွင် ပြောကြားခဲ့သည်။
ယခုလအတွင်း ဘရာဇီးနိုင်ငံ၌ ကျင်းပမည့် ကုလသမဂ္ဂရာသီဥတု ပြောင်းလဲမှုဆိုင်ရာညီလာခံ (COP30) မတိုင်မီ ကုလသမဂ္ဂပတ်ဝန်းကျင် အစီအစဉ်က ၎င်း၏နှစ်ပတ်လည်ဓာတ်ငွေ့ထုတ်လွှတ်မှု အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။
ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ၅၇ ဒသမ ၇ ဂစ်ဂါတန်နှင့် ညီမျှသော ကမ္ဘာ့ဓာတ်ငွေ့ထုတ်လွှတ်မှုပမာဏသည် ယခင်နှစ်ကထက် ၂ ဒသမ ၃ ရာခိုင်နှုန်း တိုးလာကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ရာစုနှစ်တစ်လျှောက် ပျမ်းမျှကမ္ဘာ့အပူချိန်သည် ၂ ဒသမ ၃ မှ ၂ ဒသမ ၅ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာမည်ဟု အစီရင်ခံစာက ခန့်မှန်းထားသည်။ အဆိုပါခန့်မှန်းချက်သည် ပါရီသဘောတူညီချက်ကို အခြေခံထားသည်။ ယမန်နှစ်ကထက် သုည ဒသမ ၃ ဒီဂရီ ပိုမိုမြင့်တက်လာသည်။
၂၀၃၀ ပြည့်နှစ်တွင် ဓာတ်ငွေ့ထုတ်လွှတ်မှု ၄၀ ရာခိုင်နှုန်း လျှော့ချရန် လိုအပ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ်၏ အမှုဆောင်ဒါရိုက်တာ အင်ဂျာအန်ဒါဆန်က ကမ္ဘာ့စက်မှုထိပ်သီးနိုင်ငံ ၂၀ နှင့် အခြားစီးပွားရေးဖွံ့ဖြိုးပြီးနိုင်ငံများအား ကမ္ဘာကြီးကို ကာကွယ်စောင့်ရှောက်ရန်အတွက် ရာသီဥတုဆိုင်ရာ လုပ်ငန်းစဉ်များတွင် ရင်းနှီးမြှုပ်နှံကြရန် တောင်းဆိုခဲ့ကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ၊
ဘာသာပြန် - အောင်ကျော်ကျော်


