နိုဝင်ဘာ ၅ ရက်နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်(၄)မှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ အာဆင်နယ်အသင်းတို့ဟာ ပြိုင်ဘက်အသင်းအသီးသီးကို အနိုင်ရရှိခဲ့တာကြောင့် လေးပွဲစလုံးအနိုင်ရရှိမှုနဲ့အတူ ဇယားထိပ်မှာ ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ လက်ရှိချန်ပီယံ ပီအက်စ်ဂျီအသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အဲဒီပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် အနိုင်ဂိုးနှစ်ဂိုးစလုံး သွင်းယူပေးခဲ့တဲ့ လူးဝစ်ဒီယက်စ်ကတော့ ပထမပိုင်းပွဲကစားချိန်အပြီး နာကျင်အချိန်ပိုသုံးမိနစ်မှာ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းကတော့ ဆလာဗီယာပရက်အသင်းနဲ့ယှဉ်ပြိုင် ကစားခဲ့ရာမှာ ဆာကာနဲ့ မာရီနိုတို့ရဲ့သွင်းဂိုးတွေနဲ့ သုံးဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာ ပြိုင်ပွဲစုံ ၁၀ ပွဲအထိ နိုင်ပွဲရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီဖြစ်သလို ဘိုင်ယန်မြူးနစ်အသင်းကလည်း ပြိုင်ပွဲစုံ ၁၆ ပွဲဆက် အနိုင်ရရှိခဲ့တဲ့မှတ်တမ်းကိုလည်း ရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းနဲ့ အာဆင်နယ်အသင်းတို့ဟာ အခုလို နိုင်ပွဲအသီးသီးရရှိခဲ့တာကြောင့် ချန်ပီယံလိဂ်လေးပွဲကစားပြီးချိန်မှာ လေးပွဲစလုံးအနိုင်ရရှိကာ ရမှတ် ၁၂ မှတ်စီနဲ့ ဇယားထိပ်မှာ ဦးဆောင်နေတာ ဖြစ်ပါတယ်။
အခြားသောချန်ပီယံလိဂ်ပွဲစဉ်တွေမှာတော့ စပါးအသင်းက ကိုပင်ဟေဂင်အသင်းကို လေးဂိုး-ဂိုးမရှိ၊ လီဗာပူးအသင်းက ရီးယဲလ်မက်ဒရစ်အသင်းကို တစ်ဂိုး-ဂိုးမရှိ၊ မိုနာကိုအသင်းက ဘိုဒိုအသင်းကို တစ်ဂိုး-ဂိုးမရှိ၊ အက်သလက်တီကိုမက်ဒရစ်အသင်းက ယူနီယံစိန့်ဂီလွိုက်အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး နာပိုလီနဲ့ ဖရန့်ဖက်ပွဲစဉ်မှာ ဂိုးမရှိသရေ၊ ဂျူဗင်တပ်နဲ့ စပို့တင်းပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီသရေ၊ အိုလံပီယာကို့စ်နဲ့ ပီအက်စ်ဗွီအသင်းတို့ပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီသရေ စသဖြင့် ရလဒ်အသီးသီး ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။
ငွေကြယ်


