နိုဝင်ဘာ ၆

ဗီယက်နမ်နိုင်ငံအလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများဆီသို့ တိုင်ဖွန်းမုန်တိုင်း ကယ်မယ်ဂီ ဦးတည်ရွေ့လျားနေသဖြင့် လေဆိပ်ရှစ်ခုနှင့် လေယာဉ်ခရီးစဉ် ၅၀ ကျော် ရပ်ဆိုင်းခဲ့ကြောင်း  ဒေသတွင်းနေ့စဉ်သတင်းစာ Cong An Nhan Dan က ယနေ့တွင် ဖော်ပြထားသည်။

အဆိုပါမုန်တိုင်းတိုက်ရိုက်သက်ရောက်မှုရှိမည်ဟု ယူဆရသောလေဆိပ်ရှစ်ခုတွင် Da Nang၊ Phu Bai၊ Lien Khuong၊ Chu Lai၊ Phu Cat၊ Tuy Hoa၊ Pleiku နှင့် Buon Ma Thuot တို့ ပါဝင်ကြောင်း ဗီယက်နမ်လေကြောင်းအာဏာပိုင်အဖွဲ့၏ ပြောကြားချက်အရ သိရသည်။

တိုင်ဖွန်းမုန်တိုင်း ၂၄ နာရီ စောင့်ကြည့်ခြင်းနှင့် တိုင်ဖွန်းမုန်တိုင်းတုံ့ပြန်ရေးလုပ်ထုံးလုပ်နည်းများကို တင်းကြပ်စွာလိုက်နာရန် အာဏာပိုင်အဖွဲ့က ပြောကြားထားသည်။

လေယာဉ်ပျံသန်းမှုဘေးကင်းရေးအတွက် လေယာဉ်ခရီးစဉ်ချိန်ညှိမှုများကြောင့် နိုဝင်ဘာ ၆ ရက်နှင့် ၇ ရက်တို့တွင် ပျံသန်းရန်စီစဉ်ထားသော လေယာဉ်ခရီးစဉ် ၅၀ ကျော် ရပ်ဆိုင်းထားကြောင်း အမျိုးသားအလံလွှင့်ထူထားသော ဗီယက်နမ်လေကြောင်းလိုင်းက ကြေညာခဲ့သည်ဟု  ဗီယက်နမ်သတင်းဌာနက ဖော်ပြခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို