နေပြည်တော် နိုဝင်ဘာ ၆

 

ပြည်သူများအား နှိပ်စက်ညှဉ်းပန်း၍ ဒေသဖွံ့ဖြိုးတိုးတက်မှုကို ချွတ်ခြုံကျစေသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့သော တောင်ခမ်းမြို့၊ နောင်ချိုမြို့၊ ကျောက်မဲမြို့၊ သီပေါမြို့နှင့် အဆိုပါ ဒေသတစ်ဝိုက်တို့ရှိ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအား ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်၍ အဆိုပါမြို့များကို ဒေသခံပြည်သူများ၏ လက်ဝယ်သို့ ပြန်လည်အပ်နှင်းနိုင်ခဲ့သည့် အောင်ပွဲရ ရှေ့တန်းပြန်တပ်မတော်သားများအား နိုဝင်ဘာ ၅ ရက် မွန်းလွဲပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် အေးမင်းဦးနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများက သီပေါမြို့နယ် မန်လီကျေးရွာရှိ နယ်မြေခံတပ်၌ ကြိုဆိုဂုဏ်ပြုကြသည်။

 

ကြိုဆိုဂုဏ်ပြု

အကြမ်းဖက်သမားများအား နှိမ်နင်း၍ မြို့ရွာဒေသများကို တည်ငြိမ် အေးချမ်းစေရန်၊ အစိုးရအုပ်ချုပ်ရေးယန္တရားများ ပြန်လည် လည်ပတ်စေရန်နှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ တိုးတက်ဖွံ့ဖြိုးစေရန် ဆောင်ရွက် ပေးခဲ့သည့် အောင်ပွဲရ ရှေ့တန်းပြန်တပ်မတော်သားများအား တိုင်းမှူးနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများက အောင်သပြေခက်များ၊ ဂုဏ်ပြုပန်းကုံးများနှင့် ဂုဏ်ပြုပန်းများဖြင့် ကြိုဆိုဂုဏ်ပြုကြပြီး ဘင်ခရာအဖွဲ့များ၊ ရှမ်းရိုးရာအကအဖွဲ့များနှင့် အိုးစည်ဒိုးပတ်အဖွဲ့များကလည်း အတီး၊ အမှုတ်၊ အက၊ အလှများဖြင့် ဝမ်းမြောက်စွာ သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်