ပဲခူး နိုဝင်ဘာ ၆
ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး အမှတ်စဉ်(၅/၂၀၂၅)ကို ယနေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ပြည်တွင်း၊ ပြည်ပ အကြီးစားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းအမျိုးအစား (၈)ခုရှိပြီး စက်မှုကဏ္ဍတိုးတက်မှုနှင့်အတူ လျှပ်စစ်စွမ်းအင်ကဏ္ဍ၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍ၊ လယ်ယာကဏ္ဍများတွင်လည်း ရင်းနှီးမြှုပ်နှံမှုတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် ပြည်တွင်းမှထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းများ သုံးစွဲနိုင်ရေးဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီအတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ်တစ်ခု၊ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ်နှစ်ခု တိုးတက်ဝင်ရောက်လာမှုနှင့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများ၏ သက်ဆိုင်သည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များက ပြည်တွင်း၊ပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ်များ တိုးတက်ရေးနှင့် ရှိပြီးသားလုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရေး အကြံပြု တင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းတစ်ခုချင်းအလိုက် ဖြေရှင်းဆောင်ရွက်ပေးသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ၁ရက်မှ ယနေ့အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၁၄ ဒသမ ၃၂၈ သန်း၊ နိုင်ငံ သားရင်းနှီးမြှုပ်နှံမှု ငွေကျပ် ၂၃၄၁၁၁ ဒသမ ၇၇၁ သန်းနှင့် အလုပ်အကိုင် အခွင့်အလမ်း ၁၅၆၁၉ ဦး ဖန်တီးနိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်း နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၂၅ သန်းနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ငွေကျပ် သန်း ၄၉၃၀ တိုးတက်ဝင်ရောက်ခဲ့ကာ ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်း ၁၂၈၅ ဦး ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


