နိုဝင်ဘာ ၇
ပါကစ္စတန်တောင်ပိုင်း ဆင်းဒ်ပြည်နယ်တွင် ယခုနှစ်အတွင်း ဒေသတွင်းသွေးလွန်တုပ်ကွေးရောဂါကူးစက်မှုများ သိသိသာသာမြင့်တက်လာမှုကို ရင်ဆိုင်နေရချိန်တွင် သွေးလွန်တုပ်ကွေးရောဂါဖြင့် လူ ၂၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ယမန်နေ့က ပြောကြားခဲ့သည်။
နိုဝင်ဘာလ ပထမငါးရက်အတွင်း ကရာချီနှင့် တန်ဒိုအလာယာဒေသတို့တွင် သွေးလွန်တုပ်ကွေးရောဂါဖြင့် တစ်ဦးစီသေဆုံးခဲ့ပြီး ဟိုက်ဒရာဘတ်ခရိုင်တွင် ခြောက်ဦးသေဆုံးခဲ့ကြောင်း ကျန်းမာရေးဌာန၏ပြောကြားချက်အရ သိရသည်။
လွန်ခဲ့သော ၂၄ နာရီအတွင်း ဆင်းဒ်ပြည်နယ်တွင် ၅၅၁၁ ဦး စစ်ဆေးမှုပြုလုပ်ခဲ့ရာ သွေးလွန်တုပ်ကွေးဖြစ်ပွားသူဦးရေ ၁၁၃၀ စစ်ဆေးတွေ့ရှိခဲ့သည်ဟု ထိုဌာနကပြောကြားခဲ့သည်။ ဟိုက်ဒရာဘတ်ခရိုင်သည် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှု အများဆုံးမြို့ဖြစ်ပြီး ၁၅၇၄ ဦးစစ်ဆေးမှုပြုလုပ်ခဲ့ရာ ရောဂါဖြစ်ပွားသူ ၆၀၃ ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်းနှင့် ထိုရောဂါဖြစ်ပွားမှုနှုန်း ၃၈ ရာခိုင်နှုန်းရှိပြီး ကရာချီဒေသတွင် ၅၂၇ ဦး ရောဂါဖြစ်ပွားမှုရှိကြောင်း အတည်ပြုခဲ့သည်။
ယခုနှစ်လက်ရှိအချိန်အထိ ဆင်းဒ်ပြည်နယ်တွင် အတည်ပြုထားသော သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၉၆၃၈ ဦး ရှိပြီး ကရာချီတွင် ရောဂါဖြစ်ပွားသူ ၄၅၄၀ ဦးနှင့် သေဆုံးသူ ကိုးဦး ရှိကြောင်း အတည်ပြုဖော်ပြထားသည်။
ထိုပြည်နယ်တွင် ရောဂါကူးစက်မှုအရေအတွက် ဆက်လက်မြင့်တက်လျက်ရှိသဖြင့် ခြင်မှတစ်ဆင့်ကူးစက်သော ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်ရန်အတွက် စောင့်ကြည့်ခြင်း၊ ပိုးမွှားသေစေရန် မှိုင်းတိုက်ခြင်းနှင့် လူထုအသိပညာပေးလှုပ်ရှားမှုများကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်- မြင့်မြင့်ချို


