လွိုင်ကော် နိုဝင်ဘာ ၇
ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၇) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ပြီး ဦးစွာ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက အခမ်းအနားကို “ဇာတိမာန်” သီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဆိုသည့်အချက်ကို အမြဲနှလုံးသွင်းပြီး မိမိအလုပ်၊ မိမိဌာန၊ မိမိပြည်နယ်၊ မိမိနိုင်ငံအပေါ် သစ္စာရှိရှိ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင်လည်း အဂတိတရား ကင်းရှင်းစွာဖြင့် ဆောင်ရွက်ကြရန်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်၊ ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများ အတွက် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပနိုင်ရေး ချီးမြှင့်ငွေများပေးအပ်ရာ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် ခရိုင်အုပ်ချုပ်ရေးမှူးတို့က လက်ခံရယူကြသည်။
ယင်းနောက် ဝန်ထမ်းများအတွက် အမှတ်တရ လက်ဆောင်ပစ္စည်းများကို လည်းကောင်း၊ အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေးသင်တန်းတွင် စစ်ရေးပြထူးချွန်ဆုရရှိသည့် ဝန်ထမ်းတစ်ဦးအား ဂုဏ်ပြုလက်မှတ်နှင့် ချီးမြှင့်ငွေများကို လည်းကောင်း ပေးအပ်ရာ ကိုယ်စားလှယ်များက လက်ခံရယူကြသည်။
ပြည်နယ်(ပြန်/ဆက်)


