ယူရိုပါလိဂ်ပြိုင်ပွဲ ပွဲစဉ်(၄)မှ နိုဝင်ဘာ ၇ ရက် နံနက် ၂ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့သည့် အက်စ်တွန်ဗီလာနှင့် အစ္စရေးကလပ် မက္ကဘီတဲအဗစ်နှင့် ပွဲစဉ်တွင် အက်စ်တွန်ဗီလာအသင်းက နှစ်ဂိုးပြတ် အနိုင်ရရှိခဲ့သည်။
ယူရိုပါလိဂ်ပြိုင်ပွဲတွင် ပထမဆုံးနိုင်ပွဲရရေး ခြေကုန်ထုတ်လာသည့် မက္ကဘီတဲအဗစ်သည် ဂိုးရရှိရန် နီးစပ်သည့်အခွင့်အရေးအချို့ ဖန်တီးနိုင်ခဲ့သော်လည်း သွင်းဂိုးအဖြစ် ပြောင်းလဲနိုင်စွမ်း မရှိသည့်အတွက် ရှုံးပွဲကြုံတွေ့ခဲ့ရသည်။ အက်စ်တွန်ဗီလာအသင်းသည် ပထမပိုင်းပွဲချိန် ပြည့်ခါနီးတွင် အဖွင့်ဂိုးရရှိခဲ့ပြီး ရော်ဂျာ၏ဖန်တီးမှုမှ အီရန်မတ်ဆန်က သွင်းယူပေးခဲ့သည်။
တဲအဗစ်အသင်းသည် ပြိုင်ဘက်အသင်း၏ ထိုးဖောက်တိုက်စစ်ဆင်မှုများကိုသာ ဟန့်တားကာကွယ်ခဲ့ရပြီး တန်ပြန်တိုက်စစ်ဆင်မှု အနည်းငယ်သာ ပြုလုပ်နိုင်ခဲ့သည်။ အက်စ်တွန်ဗီလာအသင်းအတွက် ဒုတိယဂိုးကို ပွဲချိန် ၅၉ မိနစ်တွင် မာလင်းက ပယ်နယ်တီမှတစ်ဆင့် သွင်းယူပေးခဲ့သည်။
အခြား ပွဲစဉ်ရလဒ်များတွင် မစ်ဂျေးလန်းက ဆဲလ်တစ်ကို သုံးဂိုး-တစ်ဂိုး၊ ဇီဗက်ဒါက လိုင်လီကို တစ်ဂိုး-ဂိုးမရှိ၊ ဖရိုင်းဘတ်က နိုက်စ်ကို သုံးဂိုး-တစ်ဂိုး၊ ဂျန့်ခ်က ဘရာဂါကို လေးဂိုး-သုံးဂိုး၊ ရိုးမားက ရိန်းဂျားကို နှစ်ဂိုး-ဂိုးမရှိ၊ ဘက်တစ်က လိုင်ယွန်ကို နှစ်ဂိုး-ဂိုးမရှိ၊ စတုဂတ်က ဖီယင်နုကို နှစ်ဂိုး-ဂိုးမရှိဖြင့် နိုင်ပွဲရရှိခဲ့သည်။
အောင်ဇော်


