နေပြည်တော် နိုဝင်ဘာ ၇

 

အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အနှောင့်အယှက်ဖြစ်စေရန်၊ အရပ်သားပြည်သူများအား ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်ပေါ်စေရန်အတွက် အကြမ်းဖက်မှုလုပ်ရပ်များကို နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်လျက်ရှိကြရာ နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး သရက်မြို့ရှိ သရက်-ကံမကားလမ်းအတိုင်း အရပ်သားပြည်သူများ မောင်းနှင်လာသည့်ယာဉ်အား PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် ယာဉ်ပေါ်ရှိ အပြစ်မဲ့ပြည်သူ အမျိုးသား နှစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း သိရသည်။ 

 

ဖြစ်စဉ်မှာ ရန်ကုန်မြို့နေ ဦးကျော်လွင် (၄၅) နှစ် မောင်းနှင်၍ သရက်မြို့နေ ဦးခင်မောင်ဦး (၅၈) နှစ် လိုက်ပါလာသည့် Toyota Hilux Double Cab အမျိုးအစား ယာဉ်အမှတ် 4S/--------- သည် နိုဝင်ဘာ ၆ ရက် နံနက် ၆ နာရီခွဲခန့်တွင် သရက်မြို့၏ အနောက်တောင်ဘက်မီတာ ၁၈၀၀၀ ခန့်အကွာရှိ သရက်-ကံမ လမ်းအတိုင်း မောင်းနှင်လာစဉ် ပါးပွတ်ကျေးရွာလမ်းပေါက်အနီးသို့ အရောက်၌ PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ မိုင်းပေါက်ကွဲမှုကြောင့် မော်တော်ယာဉ်မီးလောင်၍ ယာဉ်ပေါ်ပါ အရပ်သားပြည်သူ အမျိုးသား နှစ်ဦးမှာ မီးလောင်သေဆုံးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားရာ လမ်းကြောင်းတစ်လျှောက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေးအတွက် ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းများ ဆက်လက်တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်