နေပြည်တော် နိုဝင်ဘာ ၈
ဘရာဇီးနိုင်ငံသမ္မတ လူးဝစ်အင်နာစီယို လူလာဒါဆေးလ်ဗား၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ကိုယ်စား) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘရာဇီးနိုင်ငံ ဘဲလ်လမ်မြို့၌ နိုဝင်ဘာ ၆ ရက်မှ ၇ ရက်အထိ ကျင်းပသည့် ဘဲလ်လမ်ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေး (Belem Climate Summit) ဒုတိယနေ့ စုံညီအစည်းအဝေးနှင့် ဘာသာရပ်ဆိုင်ရာ စားပွဲဝိုင်းဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့သည်။
စုံညီအစည်းအဝေးတွင် နိုင်ငံ့ခေါင်းဆောင်များ၊ နိုင်ငံအသီးသီးမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် သစ်တောနှင့် ပတ်ဝန်းကျင်ရေးရာဝန်ကြီးများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ အကြီးအကဲများက နိုင်ငံကိုယ်စားပြု အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက မြန်မာနိုင်ငံသည် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းကျောကို သစ်တောများဖုံးလွှမ်းထားပြီး ဂေဟစနစ်မျိုးစုံနှင့် ဇီဝမျိုးစုံမျိုးကွဲများကြွယ်ဝသောနိုင်ငံဖြစ်ကြောင်း၊ ရှည်လျားသော ကမ်းရိုးတန်းနှင့် ဒီရေတောများ ပိုင်ဆိုင်ပါကြောင်း၊ သို့သော်လည်း ရာသီဥတု ပြောင်းလဲမှုဒဏ်အခံရဆုံးနိုင်ငံများတွင် ပါဝင်လျက်ရှိသဖြင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးဆိုင်ရာ လုပ်ငန်းများကို အမျိုးသားရေး လုပ်ငန်းတစ်ရပ်အနေဖြင့် အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ “အမျိုးသားအဆင့်ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေ ရှိစေရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (Nationally Determined Contributions-NDC) ”ပါ ရည်မှန်းချက်များနှင့်အညီ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ရာသီဥတုဒဏ်ခံနိုင်သော စိုက်ပျိုးရေးလုပ်ငန်းများ၊ သစ်တောထိန်းသိမ်းရေးကို ဗဟိုပြုသည့် မဟာဗျူဟာများချမှတ်ကာ ဆောင်ရွက်လျက်ရှိကြောင်း။
ရာသီဥတုဆိုင်ရာ ရန်ပုံငွေတိုးမြှင့်ရရှိရေး၊ နည်းပညာများ လွှဲပြောင်းရယူနိုင်ရေးနှင့် စွမ်းဆောင် ရည်မြှင့်တင်ရေးတို့သည် အထူးအရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဘဲလ်လမ်ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေးကြေညာချက်ကို ထောက်ခံပါကြောင်း၊ အပူပိုင်းသစ်တောများ ထာဝရရန်ပုံငွေ (Tropical Forests Forever Facility- TFFF) တည်ထောင်ခြင်း၊ ဆင်းရဲနွမ်းပါးမှုနှင့် ပြည်သူဗဟိုပြု ရာသီဥတုဆိုင်ရာလှုပ်ရှားမှုများနှင့် ဘက်စုံတောမီး စီမံအုပ်ချုပ်မှုဆိုင်ရာလှုပ်ရှားမှုများတွင် ပူးပေါင်းပါဝင်မည်ကို အတည်ပြုအကြောင်းကြားပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ကာ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတကာအသိုက်အဝန်းနှင့် နီးကပ်စွာ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် “ရာသီဥတုနှင့်သဘာဝ၊ သစ်တောများနှင့် သမုဒ္ဒရာများ” ခေါင်းစဉ်ဖြင့် ဘာသာရပ်ဆိုင်ရာစားပွဲဝိုင်း ဆွေးနွေးပွဲသို့တက်ရောက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးပြောကြားသည်။
ကမ္ဘာ့ရာသီဥတု ထိပ်သီးအစည်းအဝေးသည် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးအတွက် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို အခြေခံသောနည်းလမ်းများကို အဓိကထားသည့် ဦးဆောင်ဖိုရမ်တစ်ခုဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်တွင် စတင်ကျင်းပခဲ့ကာ ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်း (UNFCCC) အဖွဲ့ဝင်နိုင်ငံများညီလာခံနှင့်အတူ ကျင်းပသော အရေးကြီးသည့် ထိပ်သီးအစည်းအဝေးတစ်ခုဖြစ်သည်။
အဆိုပါအစည်းအဝေးတွင် အစိုးရ၊ စီးပွားရေးလုပ်ငန်းများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပညာရေးအဖွဲ့အစည်းများမှ ခေါင်းဆောင်များတက်ရောက်ကြပြီး ပါရီရာသီဥတုဆိုင်ရာ သဘောတူညီချက်၊ ရည်မှန်းချက်များ အောင်မြင်စေရန်နှင့် ကာဗွန်ထုတ်လွှတ်မှု နည်းပါးသောစီးပွားရေးသို့ ကူးပြောင်းရာတွင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


