ထားဝယ် ၁၇ မတ် 

 

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)၏ မိုဘိုင်း ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁၃.ဝ၀ နာရီက တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာ၊ ရွာလယ်ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၌ ကျင်းပသည်။

 

မိုဘိုင်းဖုန်းအသုံးပြုသူများအတွက် အရေးကြီးသော အကြောင်းအရာများဖြစ်သည့် ဖုန်းအသုံးပြုခြင်းဆိုင်ရာ  အချက်အလက်များအားသိရှိစေရန်၊ အွန်လိုင်းအင်တာနက်အသုံးပြုခြင်းအား ဘေးကင်းလုံခြုံစွာအသုံးပြုနိုင်ခြင်း အားဖြင့် မိမိအသုံးချခံရမှု၊ အကြမ်းဖက်ခံရမှု စသည့် အန္တရာယ်များမှ ကာကွယ်နိုင်စေရန်၊ မိုဘိုင်းဖုန်းအသုံးပြုသူ များအနေဖြင့် မိုဘိုင်းဒေတာအသုံးပြုရာတွင် ကုန်ကျစရိတ် သက်သာစေရန်အတွက် မည်ကဲ့သို့အသုံးပြုရမည်အား သိရှိစေရန် ၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)၏ မိုဘိုင်းဆက်သွယ်မှုဆိုင်ရာ ဝန်ဆောင်မှုအား သိရှိစေရန်စသည့်  ရည်ရွယ်ချက်ဖြင့် ဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်သည်။

 

ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ထွေးက ယခုတက်ရောက် လာသောဒေသခံ ပြည်သူများအနေဖြင့်မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သက်ဆိုင်ရာ တာဝန်ရှိသူများ ၏ ရှင်းလင်းဆွးနွေးချက်များကို သေချာစွာနားထောင်ပြီးသိရှိလိုသည်များကို မေးမြန်းနိုင်ကြောင်း ပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူက ကျေးဇူးတင်စကားပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မန်နေဂျာဦးဇော်နိုင်လင်းက ဆွေးနွေးပွဲကျင်းပရခြင်း ၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်၍ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း(MPT) ၏ မိုဘိုင်းနှင့်ပတ်သက်၍ တက်ရောက်လာသော ဒေသခံပြည်သူများနှင့် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း ခရိုင်ပြန်/ဆက်မှ သတင်းရရှိသည်။

 

MDN