ရန်ကုန် နိုဝင်ဘာ ၈
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်သည် မြန်မာနိုင်ငံတွင် ဖွဲ့စည်းမှတ်ပုံတင်ထားသည့် တရုတ်စီးပွားရေး လုပ်ငန်းရှင်အသင်းများနှင့် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး၌ တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တရုတ်နှင့် မြန်မာနိုင်ငံသည် ဒေသတွင်းဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် (Regional Comprehensive Economic Partnership -RCEP) အဖွဲ့ဝင်နိုင်ငံများဖြစ်ပြီး မြန်မာ-တရုတ် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ကိုလည်း ချုပ်ဆိုထားရှိပြီးဖြစ်သည့်အတွက် ရင်းနှီးမြှုပ်နှံမှုများကို အကာအကွယ်ပေးလျက်ရှိပြီး လုပ်ငန်းများ လွယ်ကူချောမွေ့စေရေးအတွက်လည်း ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း၊ Supply Chain တစ်လျှောက် အကျိုးကျေးဇူးများအား မျှဝေခံစားတတ်သည့် စီးပွားရေးအသိုက် အဝန်းကိုဖော်ဆောင်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖြစ်စေရန် အရေးကြီးကြောင်း၊ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု၊ ကူးသန်းသွား လာမှုတိုးတက်လာစေရေးအတွက် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (China-Myanmar Economic Corridor-CMEC) ကိုလည်း အကောင်အထည်ဖော်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံမှ ရင်းနှီး မြှုပ်နှံမှုများ လာရောက်လုပ်ကိုင်ကြရန် ဖိတ်ခေါ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ ငွေကြေးဖြစ်သည့် “ယွမ်” ဖြင့် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်နိုင်ရန်အတွက် လိုအပ်သောလုပ်ငန်းစဉ်များကို အမြန်ဆုံးအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုများကို ကူညီဆောင်ရွက်ပေးနေမှုနှင့် ရှေ့ဆက်ဆောင် ရွက်သွားနိုင်မည့် အစီအစဉ်များကို ဆွေးနွေးတင်ပြပြီး တက်ရောက်လာကြသည့် တရုတ်စီးပွားရေးလုပ်ငန်းရှင် အသင်းများမှ ကိုယ်စားလှယ်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ရှင်းလင်းဖြေကြားကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် မြန်မာအမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များအသင်းတို့ ပူးပေါင်းကျင်းပသည့် အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် ၂၀၄၅ (ASEAN Community Vision 2045) နှင့် အာဆီယံစီးပွား ရေး အသိုက်အဝန်း (အေအီးစီ) မဟာဗျူဟာလုပ်ငန်းအစီအစဉ် (၂၀၂၆-၂၀၃၀) (ASEAN Economic Community Strategic Plan - 2026-2030) တို့နှင့်စပ်လျဉ်း၍ ပုဂ္ဂလိကလုပ်ငန်းရှင်များအား အသိပညာမျှဝေသည့် ဆွေးနွေးပွဲသို့ တက်ရောက်သည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက အာဆီယံစီးပွားရေး အသိုက်အဝန်းအကောင်အထည်ဖော်မှုများတွင် ပုဂ္ဂလိကကဏ္ဍသည် အာဆီယံစီးပွားရေး ပေါင်းစည်းမှု၏ အဓိကမောင်းနှင် အားတစ်ရပ်ဖြစ်ကြောင်း၊ အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဒေသတွင်း စီးပွားရေးပေါင်းစည်းမှုများနှင့် အခွင့်အလမ်းများကို သိရှိအကောင်အထည်ဖော် ဆောင်ရွက်ရန် ပြောကြားသည်။
ထို့နောက် မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်း (MWEA) ၏ အကြံပေး ဒေါက်တာတင်တင်ထွေး၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်စောကလျာစုနှင့် ပုဂ္ဂလိကကဏ္ဍမှဥက္ကဋ္ဌ ဒေါက်တာမြတ်သီတာမြင့်တို့က အာဆီယံစီးပွားရေးအသိုက်အဝန်း မဟာဗျူဟာလုပ်ငန်း အစီအစဉ် (၂၀၂၆-၂၀၃၀) နှင့် အာဆီယံစီးပွားရေး အသိုက်အဝန်းတွင် ပုဂ္ဂလိကကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများကို ရှင်းလင်းဆွေးနွေးကြသည်။
ယင်းနောက် တက်ရောက်လာသူများက လုပ်ငန်းစဉ်များနှင့် သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


