တိုကျို နိုဝင်ဘာ ၉
ဂျပန်နိုင်ငံမြောက်ပိုင်းရှိ အီဝတဲနှင့် မီယာဂီစီရင်စုတို့၌ မဂ္ဂနီကျု ၆ ဒသမ ၉ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါငလျင်သည် နိုဝင်ဘာ ၉ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီခန့်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ ဂျပန်မိုးလေဝသ အေဂျင်စီက အီဝတဲစီရင်စုအတွင်း ဆူနာမီအကြံပေးချက် ထုတ်ပြန်ကြေညာခဲ့သည်။
ဆူနာမီရေလှိုင်း၏ အမြင့်မှာ တစ်မီတာရှိမည်ဟု ခန့်မှန်းရသည်။ ကူဂျီနှင့် အိုဖူနာတို ဆိပ်ကမ်းများတွင် ၂၀ စင်တီမီတာအမြင့်ရှိ ဆူနာမီလှိုင်းတစ်ခုအား တွေ့ရှိခဲ့သည်။ ဆူနာမီလှိုင်းများသည် တစ်ကြိမ်ထက်မနည်း အကြိမ်ပေါင်းများစွာ ဖြစ်ပေါ်လာနိုင်သည့်အတွက် အဆိုပါဒေသနှင့် အနီးတစ်ဝိုက်ရှိ ပြည်သူများအနေဖြင့် ပင်လယ်ကမ်းခြေများနှင့် ဝေးကွာသောနေရာများ၌ နေထိုင်ကြရန် ဂျပန်မိုးလေဝသအေဂျင်စီမှ တာဝန်ရှိသူများက သတိပေးချက် ထုတ်ပြန်ခဲ့သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


