ဗျူနိုအေးရိစ် နိုဝင်ဘာ ၉
အာဂျင်တီးနားနိုင်ငံတောင်ပိုင်း ပတ်တာဂိုးနီးယားဒေသရှိ Perito Moreno ရေခဲမြစ်သည် ယခင်ကထက် ပိုမိုလျင်မြန်စွာအရည်ပျော်လျက်ရှိကြောင်း ကျွမ်းကျင်သူများက ယနေ့ပြောကြားခဲ့သည်။
အဆိုပါ ရေခဲမြစ်၏သက်တမ်းမှာ နှစ်ပေါင်း ၁၀၀ ခန့် ရှိပြီ ဖြစ်သည်။ Perito Moreno ရေခဲမြစ်သည် ယူနက်စကိုကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ထားသော အမျိုးသားဥယျာဉ်တွင်တည်ရှိပြီး လူကြိုက်များသော ခရီးသွားဆွဲဆောင်မှုတစ်ခုဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် စတင်အရည်ပျော်ကျခဲ့ပြီး လက်ရှိတွင် ဧရိယာ ၂ စတုရန်းကီလို မီတာနီးပါး အရည်ပျော်ကျခဲ့ကြောင်း ကျွမ်းကျင်သူများက ပြောသည်။ ရေခဲများအရည်ပျော်ကျမှုသည် ပိုမိုပြင်းထန်လာခြင်းကြောင့် ရေခဲမြစ်သည် ၎င်း၏ဖြစ်တည်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်မည် မဟုတ်ကြောင်း ၎င်းတို့က ဆက်လက်ပြောကြားသည်။
ရေခဲများအရည်ပျော်ကျမှု၏ အကြောင်းရင်းမှာ ဒေသအတွင်း ပျမ်းမျှအပူချိန် မြင့်တက်ခြင်းကြောင့်ဖြစ်ကြောင်း ကိုးကားဖော်ပြကြသည်။
ရာသီဥတုပြောင်းလဲမှု၏ သိသာထင်ရှားသောသက်ရောက်မှုသည် ယခုကဲ့သို့ သဘာဝဖြစ်စဉ်တစ်ခု ဖြစ်ပေါ်လာခြင်းပင်ဖြစ်ကြောင်း ဟော့ကိုင်းဒိုးတက္ကသိုလ်မှ သုတေသီ မီနိုဝါမာဆာဟီရိုက ပြောကြားသည်။
COP30 ကုလသမဂ္ဂရာသီဥတုညီလာခံကို ဘရာဇီးနိုင်ငံ၌ နိုဝင်ဘာ ၁၁ ရက်တွင် စတင်မည်ဖြစ်သည်။ ကမ္ဘာတစ်ဝန်းမှ ကိုယ်စားလှယ်များက ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုအပေါ် ကိုင်တွယ်ဖြေရှင်းမည့်နည်းလမ်းများကို ဆွေးနွေးကြမည်ဖြစ်သည်။
ကိုးကား - အင်န်အိတ်ချ်ကေ၊
ဘာသာပြန် - အောင်ကျော်ကျော်


