အာဆင်နယ်အသင်းဟာ နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းက ဆန်းဒါးလန်းအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ် ပွဲစဉ်(၁၁)မှာ တစ်ဖက်နှစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

 

အဲဒီပွဲစဉ်မှာ အိမ်ရှင်ဆန်းဒါးလန်းအသင်းက ပထမပိုင်းပွဲကစားချိန် ၃၆ မိနစ်မှာ ဘယ်လာ့ဒ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ဂိုးစတင်ရရှိခဲ့ပြီး အာဆင်နယ်အသင်းဟာ ဒုတိယပိုင်း ၅၄ မိနစ်မှာ ဆာကာနဲ့ ၇၄ မိနစ်မှာ ထရော့ဆက်တို့က တစ်ဂိုးစီသွင်းယူပေးခဲ့လို့ နှစ်ဂိုး-တစ်ဂိုးနဲ့ ပြန်လည်ဦးဆောင်နိုင်ခဲ့ပေမယ့် ဆန်းဒါးလန်းအသင်းက သာမန်ပွဲကစားချိန် မိနစ် ၉၀ အပြီး နာကျင်အချိန်ပို ၄ မိနစ်မှာ ဘရော့ဘေးရဲ့ သွင်းဂိုးထပ်မံရရှိခဲ့တာကြောင့် တစ်ဖက်နှစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

 

အာဆင်နယ်အသင်းဟာ ဆန်းဒါးလန်းအသင်းနဲ့ မယှဉ်ပြိုင်မီ ပြိုင်ပွဲစုံ ၁၀ ပွဲ ဆက် အနိုင်ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပေမယ့် ဆန်းဒါးလန်းအသင်းနဲ့ပွဲစဉ်မှာ သရေရလဒ် ထွက်ပေါ်ခဲ့တာကြောင့် ၁၀ ပွဲဆက်တိုက် အနိုင်ရရှိခဲ့တဲ့စံချိန် ရပ်တန့်ခဲ့ရပြီ ဖြစ်ပါတယ်။

 

ဒါ့ပြင် အာဆင်နယ်အသင်းဟာ စက်တင်ဘာ ၂၈ ရက်က နယူးကာဆယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ်မှာ ပေးဂိုးတစ်ဂိုးပေးခဲ့ရပြီးနောက်ပိုင်း ရှစ်ပွဲဆက် ပေးဂိုးမရှိ စံချိန်တင်ခဲ့ပေမယ့် လက်ရှိအချိန်မှာ အဆိုပါစံချိန်လည်း ရပ်တန့်ခဲ့ရပြီ ဖြစ်ပါတယ်။

 

အာဆင်နယ်အသင်းဟာ ၂၀၂၃ ခုနှစ် မေလနောက်ပိုင်း ပရီမီယာလိဂ်ပြိုင်ပွဲမှာ တန်းတက်အသင်းကို အနိုင်မကစားနိုင်ခဲ့ခြင်းမှာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

 

ပရီမီယာလိဂ်ကို ယခုဘောလုံးရာသီမှာ တန်းတက်လာခဲ့တဲ့ ဆန်းဒါးလန်းအသင်းကတော့ လက်ရှိပရီမီယာလိဂ် ပွဲစဉ်(၁၁)အပြီးမှာ နှစ်ပွဲသာ ရှုံးပွဲကြုံတွေ့ထားပြီး ရမှတ် ၁၉ မှတ်နဲ့ အမှတ်ပေး ဇယားအဆင့်(၄)နေရာမှာ ယာယီ ရပ်တည်နေတာ ဖြစ်ပါတယ်။

 

ဒါ့ပြင် ဆန်းဒါးလန်းအသင်းအနေနဲ့ အမှတ်ပေးဇယားထိပ်က အာ‌ဆင်နယ်အသင်းကို အိမ်ကွင်းမှာ သရေကစားနိုင်ခဲ့တာကြောင့် ယခုဘောလုံးရာသီ အိမ်ကွင်းရှုံးပွဲမရှိ စံချိန်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ဆန်းဒါးလန်းအသင်းနဲ့ ပွဲစဉ်မှာ သရေတစ်မှတ်သာရရှိခဲ့ပေမယ့် ရှစ်ပွဲနိုင်၊ နှစ်ပွဲသရေ၊ တစ်ပွဲရှုံး ရမှတ် ၂၆ မှတ်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နေတာဖြစ်ပါတယ်။

 

ငွေကြယ် - ရေးသားသည်