နေပြည်တော် နိုဝင်ဘာ ၈

 

အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်တို့နှင့်အတူ ယနေ့တွင် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် ဝန်ထမ်းအိမ်ရာများအတွက် အစားထိုးအသစ် ပြန်လည်တည်ဆောက်မည့် ဝန်ထမ်းအိမ်ရာများ အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသောဝန်ထမ်း အိမ်ရာများအတွက်အစားထိုးအသစ်ပြန်လည် တည်ဆောက်မည့် အောင်မြေမန္တလာနိုင်ငံ့ ဝန်ထမ်းအိမ်ရာနှင့် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီပိုင် မြေနေရာကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

 

စစ်ဆေးစဉ် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီနှင့် မြန်မာမြို့ပြနှင့် အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေးလုပ်ငန်းရှင်များအသင်း (MDA)တို့ မှ တာဝန်ရှိသူတို့က ဝန်ထမ်းအိမ်ရာ ၂၆ လုံး၊ တည်ဆောက်ရန် လျာထားသည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က လုပ်ငန်းများအမြန်ဆုံး စတင်ဆောင်ရွက်နိုင်ရေး၊ မြေစမ်းသပ်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဒီဇိုင်းပုံစံများ ဆောင်ရွက်ပြီးဖြစ်၍ အမြန်ဆုံးမြေပြင်တွင် စတင်ဆောင်ရွက်ရန်နှင့်တည်ဆောက်ဆဲ ကာလအတွင်းစံချိန်စံညွှန်း ပြည့်ဝစွာ ဆောင်ရွက်နိုင်ရေးအတွက် အရည်အသွေး ထိန်းသိမ်းရေးအဖွဲ့များက ကြပ်မတ်ဆောင်ရွက်ရန်၊ လိုအပ်သည်များရှိပါကသက်ဆိုင်ရာအဖွဲ့ အစည်းများနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်တို့ကို မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဧရာဝတီတံတား(ရတနာပုံ)သို့ သွားရောက်၍ ရှင်းလင်းဆောင်တွင် တာဝန်ခံအင်ဂျင်နီယာက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြပြီး တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချိုက ပျက်စီးမှုအပိုင်းအလိုက် ပြုပြင်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံတို့ကို ဖြည့်စွက်ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဧရာဝတီတံတား (ရတနာပုံ)သည် ဧရာဝတီမြစ်ကိုဖြတ်ကျော်၍ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးကို ဆက်သွယ်ပေးထားသည့် အရေးပါသော တံတားတစ်စင်းဖြစ်၍ အန္တရာယ်ကင်းရှင်းစွာ ဖြတ်သန်းအသုံးပြုနိုင်စေရေးအတွက် မော်တော်ယာဉ်များ၏ ခံနိုင်ဝန်ကို စနစ်တကျတွက်ချက်၍ နေ့စဉ်မှတ်တမ်း ထားရှိဆောင်ရွက်ရန်လိုပါကြောင်း၊ တံတားကြီးရေရှည် တည်တံ့ခိုင်မြဲရေးအတွက် တံတားပေါ်တွင် ယာဉ်ကြီး/ယာဉ်ငယ်များ ခွင့်ပြုတန်ချိန်အတိုင်း ဖြတ်သန်းသွားလာနိုင်ရေး စစ်ဆေးကြပ်မတ်ပေးရန်တို့ကို မှာကြားသည်။

 

ဧရာဝတီတံတား (ရတနာပုံ) သည် မန္တလေးငလျင်ကြီးကြောင့် တံတားအစိတ်အပိုင်းများထိခိုက် ပျက်စီးသွားသည့်အတွက် ပထမဦးစားပေးအနေဖြင့် ပြုပြင်ခဲ့ရာ Bracing လဲလှယ်ခြင်း ၃၂ နေရာ လုံးပြီးစီး၍ Gusset Plate လဲလှယ်ခြင်းမှာလည်း ၆၈ နေရာ အားလုံးလဲလှယ်ပြီးဖြစ်၍ခရီး သည်တင်ယာဉ်နှင့် ၁၂ ဘီး ကုန်တင် ယာဉ်များအား ၂၅ တန်အထိ ဖြတ်သန်း ခွင့်ပြုထားသည်။

 

ဒုတိယဦးစားပေး လုပ်ငန်း များဖြစ်သော RP-4 နှင့် RP-5 ၏ Haunch အပိုင်းရှိ Inclined Member နှင့် Vertical Member များအား ထပ်မံအားဖြည့်ခြင်း လုပ်ငန်းများဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ပြီး ယာဉ်ကြီး/ယာဉ်ငယ်များ မူလအတိုင်း ဖြတ်သန်းသွားလာနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ နန်းဦးမြို့သစ်ဝန်ထမ်းအိမ်ရာ တည်ဆောက် မည့်လုပ်ငန်းခွင်သို့ ရောက်ရှိရာ ရှင်းလင်းဆောင်တွင် ညွှန်ကြားရေးမှူးက ငလျင်ဒဏ်ကြောင့် ဝန်ထမ်းအိမ်ရာများ ပျက်စီးမှုအခြေအနေ၊ အရာထမ်း/အမှုထမ်းများအတွက် အဆောက်အအုံခုနစ်လုံးအား မြန်မာမြို့ပြနှင့် အခြေခံအဆောက်အဦဖွံ့ဖြိုးရေးလုပ်ငန်းရှင်များအသင်း (MDA)မှ အသစ်ပြန်လည်တည်ဆောက်မည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က လုပ်ငန်းလိုအပ်ချက်များ မှာကြားပြီး ငလျင်ဒဏ်ကြောင့် ပြိုကျ ပျက်စီးခဲ့သည့် ဝန်ထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်