ဦးမျိုးမြင့်
၁၉၅၃ ခုနှစ် နိုဝင်ဘာလတွင် လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဝန်ကြီးဌာန (လယ်/သစ်)၊ ဆည်မြောင်းဌာနမှ ရှေးဦးစူးစမ်း လေ့လာတိုင်းတာမှု များ စတင်လုပ်ဆောင်ခဲ့ပါသည်။ ထို့နောက် ၁၉၅၇ ခုနှစ် ဇန်နဝါရီလမှစ၍ လယ်/သစ် ဝန်ကြီးဌာနအောက်ရှိ မြေယာနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးကော်ပိုရေးရှင်း (Land and Rural Develop-ment Corp.-LRDC) (မြေ/ကျင်း/ရှင်း)မှ ကမကထပြု၍ ဆိုဗီယက်ဆိုရှယ်လစ်သမ္မတနိုင်ငံအစိုးရ၏ ကျွမ်းကျင်မှု အကူအညီရရှိရန် ဆောင်ရွက်ခဲ့ပါသည်။
ဆိုဗီယက်ပါရဂူ လေးဦးနှင့် မြန်မာအင်ဂျင်နီယာ ၁၇ ဦးတို့ ပါဝင်သောအဖွဲ့သည် ကွင်းဆင်းလျက် အသေးစိတ်စူးစမ်းလေ့လာတိုင်းတာခြင်း၊ အခြေပြ ဒီဇိုင်းပုံထုတ်လုပ်ခြင်း (Conceptual Design) စသည့် လုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြပါသည်။ ၁၉၅၇ ခုနှစ် ဒီဇင်ဘာလတွင် စီမံကိန်းအသေးစိတ် ဒီဇိုင်းပုံများထုတ်ခြင်း၊ ခန့်မှန်းခြေစာရင်းများ ပြုစုရေးဆွဲခြင်း အဝဝကို ပြီးစီးခဲ့ကြပါသည်။
မြေသားတမံကို စတင်တည်ဆောက်ခဲ့
၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလတွင် ကျောက်ပန်း တောင်းမြို့နယ်၊ ပုပ္ပါးတောင်ဒေသ အခြေပြုရေဆင်း ဧရိယာ ၁၃၈ ဒသမ ၉၈ စတုရန်းမိုင် (ကျောက်ပုံ ချောင်း ၇၈ နှင့် တောင်ဇင်းချောင်း ၆၀ ဒသမ ၉၈) မှ နှစ်စဉ်ပျမ်းမျှ စီးဝင်ရေ ဧကပေ ၃၅၂၀၀ ကို ရယူသိုလှောင်နိုင်ရန် ကျောက်ပုံချောင်းနှင့် တောင်ဇင်း ချောင်းပေါင်းဆုံရာ အထက်ဘက်တွင် တမံအူကြောင်း အဖြစ် ရွေးချယ်လျက် မကြီးတိုင်းကျေးရွာအနီး စကားပေါ်တောင်ကုန်းနှင့် ကျောက်ပုံချောင်း၏ ဝဲဘက်ကမ်းရှိ ကြက်မောက်တောင်စွန်းတို့ ဆက်သွယ်ထိစပ်၍ မြေသားတမံ (Homogeneous Earth Embankment)ကို စတင်တည်ဆောက်ခဲ့ပါသည်။
ဒီဇိုင်းတွက်ချက်မှုအရ တမံအလျား ပေ ၈၅၀၀၊ တမံ အမြင့် ၁၁၂ ဒသမ ၅ ပေ (RL 950.50 ft)၊ ကန်ရေပြည့် ရေလှောင်ပမာဏ ဧကပေ ၇၃၁၀၀ (RL 937.0 ft) နှင့် ရေပြင်ကျယ် ဧရိယာဧက ၁၈၀၀ အသီးသီးရှိပါသည်။ ရေဝပ်ဧရိယာအတွင်း ကျရောက် ရေနစ်မြုပ်သော ကျေးရွာ ကိုးရွာရှိရာ ထိုကျေးရွာ များကို တမံ၏အောက်ဘက် လက်ယာတူးမြောင်း ရေသောက်ဧရိယာအတွင်း လယ်ယာလုပ်ကိုင်နိုင်ရန် နစ်နာကြေးများ ထောက်ပံ့ကာ ကျေးရွာသစ်များ ထူထောင်ပြောင်းရွှေ့နေရာချထားပေးခဲ့ပါသည်။
တမံရေပိုလွှဲတို့ကို တည်ဆောက်
ထိုနည်းတူစွာပင် တမံနှင့် ဆက်နွှယ်ရေအား အဆောက်အအုံများဖြစ်ကြသည့် အလျား ၄၃၄ ပေ၊ အချင်း ခုနစ်ပေရှိ သံကူကွန်ကရစ် ရေထုတ်ပြွန်နှင့် ရေထိန်းမျှော်စင်၊ ရေလျှံလမ်း အကျယ် ပေ ၃၀၀၊ အလျား ပေ ၁၄၀၀ ရှိ ဒီဇိုင်းရေထုစီးနှုန်း ၁၃၂၀၀ ကုဗပေ/ စက္ကန့် စီးဆင်းနိုင်သော တမံရေပိုလွှဲတို့ကို တည်ဆောက်ခဲ့ကြပါသည်။
ဆည်ရေသောက်စနစ်ကိုလည်း ဒီဇိုင်းစနစ် ချမှတ်လျက် စုစုပေါင်း အလျား ၁၈ ဒသမ ၂၃ မိုင်ရှိ လက်ဝဲ/လက်ယာ တူးမြောင်းမကြီး နှစ်ခု၊ အလျား ၃၉ ဒသမ ၂၂ မိုင်ရှိ လက်တံမြောင်းများ (Distribu-tary Canals) ကိုးခုတို့မှ လယ်မြေဧရိယာ ၂၉၇၈၆ ဧက (၁၉၆၇-၁၉၆၈)ကို ဆည်ရေပေးဝေနိုင်ရန် သတ်မှတ်ခဲ့ကြပါသည်။
ကြက်မောက်တောင်စီမံကိန်းအား ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် ဆက်စပ်၍လည်း ပြည်တွင်း/ပြည်ပတို့မှ အသီးသီး တာဝန်ယူထားကြသည့်အလျောက် လူ/ပစ္စည်း/စက်ယန္တရား/ယာဉ်စသည့် သွင်းအားစုများအခြေ အနေကိုလည်း ဖော်ပြလိုပါသည်။ ၁၉၆၂ ခုနှစ် ဩဂုတ်လတွင် စီမံကိန်းအတွက် လိုအပ်သော ပညာရပ်ဆိုင်ရာ ပါရဂူများ၊ အင်ဂျင်နီယာများ၊ ကျွမ်းကျင်ပုဂ္ဂိုလ်များအတွက် ကုန်ကျစရိတ်ကို လည်းကောင်း၊ လုပ်ငန်းများနှင့် လိုက်ဖက်စွာ အသုံးပြုနိုင်မည့် စက်ယန္တရားများ၊ စက်ပစ္စည်း ကိရိယာများ၊ ယာဉ်များ စသည့်တို့အတွက် ကုန်ကျ စရိတ်ကိုလည်းကောင်း လိုအပ်မည့် ငွေကြေးကို USSR မှ တော်လှန်ရေးကောင်စီအစိုးရသို့ ချေးငှား ရန် ရန်ကုန်မြို့၌ ၁၉၆၃ ခုနှစ် ဇွန်လတွင် သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြပါသည်။
ထို့နောက် ဆိုဗီယက်အင်ဂျင်နီယာချုပ် မစ္စတာ လစ်တင်းစကီး (Mr.Litinsky) သည် မြန်မာနိုင်ငံသို့ ဆိုဗီယက် အင်ဂျင်နီယာ ၁၂ ဦးအား ဦးဆောင်လျက် ရောက်ရှိလာခဲ့ပါသည်။ မြန်မာဘက်မှ အင်ဂျင်နီ ယာ/ ကျွမ်းကျင်ပညာရှင် ၄၃ ဦး ပါဝင်သောအဖွဲ့နှင့်အတူ စီမံကိန်းဒေသ၌နေထိုင်၍ ကဏ္ဍစုံမှ တည်ဆောက်ရေးလုပ်ငန်းများကို အရှိန်မြှင့် လုပ်ကိုင်လာခဲ့ကြပါသည်။ ဆိုဗီယက် အင်ဂျင်နီယာ ၁၂ ဦးတွင် မိမိမှတ်မိသမျှ အင်ဂျင်နီယာချုပ် တစ်ဦး၊ စကားပြန် သုံးဦး၊ တိုင်းတာရေးအင်ဂျင်နီယာ တစ်ဦး၊ ဒီဇိုင်းအင်ဂျင်နီယာ နှစ်ဦး၊ ကျောက်မိုင်း အင်ဂျင်နီယာတစ်ဦး၊ ရေ-မြေ-ကွန်ကရစ်စမ်းသပ်ဓာတ်ခွဲခန်း ကျွမ်းကျင်ပညာရှင် တစ်ဦး၊ စက်ယန္တရား/ စက်ပစ္စည်း/ယာဉ်ဆိုင်ရာ အင်ဂျင်နီယာ/ ကျွမ်းကျင်ပညာရှင် သုံးဦးတို့ ဖြစ်ကြပါသည်။
အသုတ်လိုက် သယ်ယူရောက်ရှိခဲ့
ဆက်လက်၍ စီမံကိန်းအတွက် USSR မှ တင်သွင်းလာမည့် စက်ယန္တရား/စက်နှင့် စက်ပစ္စည်း များ/မော်တော်ယာဉ်များ အမျိုးအစားနှင့် အရေ အတွက်ကို ဖော်ပြလိုပါသည်။ ယင်းတို့မှာ တမံ ဖို့မြေ/ကျောက်သယ်ယာဉ်များ၊ မြေတူး-မြေတင် စက်ယန္တရားများ၊ မြေ-ကျောက်တင် စက်ယန္တရား များ၊ ကားကရိန်းဝန်ချီစက်များ၊ မြေတူး-မြေဖြန့် စက်ယန္တရားများ၊ ဆီသယ်/ရေသယ်ယာဉ်များ၊ မြေညှိစက်များ၊ လျှပ်စစ်သုံး မြေအောက်ရေ စုပ်တင် စက်များ၊ အကြီးတန်းအင်ဂျင်နီယာသုံးယာဉ်များ၊ လျှပ်စစ်မီးစက်များ စသည့် စက်ယန္တရား/ယာဉ်/စက် စုစုပေါင်း ၂၉ မျိုး၊ စီးရေပေါင်း ၂၈၀ ခန့်တို့ကို ရန်ကုန်ဆိပ်ကမ်းမှ စီမံကိန်းစခန်းသို့ အသုတ်လိုက် သယ်ယူရောက်ရှိခဲ့ပါသည်။
ခွဲဝေတာဝန်ချထား
တင်သွင်းခဲ့သော စက်ယန္တရား/စက်နှင့် စက် ပစ္စည်း/ ယာဉ် မျိုးစုံအပြင် လယ်/သစ် ဝန်ကြီးဌာန၊ ဆည်မြောင်းဌာနပိုင် လက်ဝယ်ရှိပြီး ခွဲဝေတာဝန်ချ ထားနိုင်သော မြေသယ်မြေဖို့ စက်ကြီးများ၊ မြေတူး မြေထိုးစက်ယန္တရားများ၊ မြေညှိစက်များ၊ လမ်းကြိတ် စက်များ၊ ဘီးတပ်မြေထိုး/မြေဖြန့်စက်ယန္တရားများ၊ ဝန်ချီကားကရိန်းများ၊ မြေသယ်ယာဉ်ကြီးများ၊ ထရပ်/တစ်ပါယာဉ်များ၊ ဆီသယ်/ရေ သယ်ယာဉ် များ၊ မြေကြိတ် ဆူးလုံးများ၊ ကွန်ကရစ်ဖျော်စက်များ၊ ကျောက်ခွဲစက်များ၊ မြေ/ကျောက်တင်စက်ယန္တရားများ၊ ရွေ့လျားမြေတူးစက်များ၊ စက်ယန္တရားကြီးများ သယ်/ရွှေ့ယာဉ်များ၊ လျှပ်စစ်ဓာတ်အား ပေးစက်များ စသည့် စက်ယန္တရား/ယာဉ်/စက်အမျိုးအစား ၃၃ မျိုး စုစုပေါင်း စီးရေ ၃၀၀ ခန့်ကိုပါ ခွဲဝေတာဝန် ချထားခဲ့ပါသည်။
ကြက်မောက်တောင်စီမံကိန်းပြီးစီးသည်အထိ ဆောင်ရွက်လုပ်ကိုင်ခဲ့ရာတွင် အင်ဂျင်နီယာများ/ကျွမ်းကျင်ပညာရှင်များ/ကျွမ်းကျင်လုပ်သားများ ပါဝင်မှုမှာ မြို့ပြအင်ဂျင်နီယာ ရာထူးအဆင့်ဆင့် ၁၄၆ ဦး၊ စက်မှုအင်ဂျင်နီယာ ရာထူးအဆင့်ဆင့် ၂၉ ဦး၊ စက်ပြင်လုပ်သား ၄၃ ဦး၊ စက်မောင်းလုပ်သား ၂၁၄ ဦး၊ စက်တပ်ဆင်လုပ်သား ၁၈၁ ဦး၊ ပန်းရံ/ လက်သမား/ သာမန်လုပ်သား ၂၇၀၇ ဦးတို့ ဖြစ်ကြပါသည်။
ကြက်မောက်တောင်စီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ဆိုဗီယက်အင်ဂျင်နီယာ များ၊ ကျွမ်းကျင်ပညာရှင်များအတွက် ခန့်မှန်း ကုန်ကျငွေ၊ စီမံကိန်းအတွက် ဖြည့်တင်းပေးခဲ့ရသော စက်ယန္တရားများ/စက်နှင့်စက်ပစ္စည်းများ တန်ဖိုး ခန့်မှန်းကုန်ကျငွေတို့ကို ထည့်သွင်းထားခြင်း မရှိဘဲ မြန်မာနိုင်ငံဘက်မှ စိုက်ထုတ်သုံးငွေ စီမံကိန်း ကုန်ကျစရိတ်ကိုသာ ဖော်ပြလိုပါသည်။ စီမံကိန်း ကုန်ကျစရိတ် (ချေးငွေမပါ)မှာ ကျပ် ၅၆၉ ဒသမ ၈၅ သိန်းဖြစ်၍ ထိုကုန်ကျငွေနှင့် ညီမျှ ရွှေအောင်စမှာ ၃၃၆၆၃၄ ဒသမ ၇၄၃ ဖြစ်သဖြင့် ယင်းငွေနှင့်ညီမျှ ရွှေပိဿာမှာ ၆၄၉၂၇၅ ဒသမ ၃၅၉ ကျပ်သားဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် ကြက်မောက်တောင်ဆည် ကမ္ပည်း ကျောက်စာကို နှမ်းဖတ်ကျောက် (Granite) ကျောက်တုံးအား ထုဆစ်၍ မျက်နှာပြင်တွင် စီမံကိန်း အချက်အလက်များကို ဖော်ပြထားပါသည်။ ၁၉၆၆-၁၉၆၇ ခုနှစ်တွင် ရေပိုလွှဲ ဖြတ်ကူးတံတားအနီး စကား ပေါ်တောင်ခြေရင်း၌ စိုက်ထူထားခဲ့ပါသည်။ ။


