ပဲခူး နိုဝင်ဘာ ၉
ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ပါဝင်သော ကျန်းမာရေး ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက ပဲခူးမြို့နယ် အင်းတကော်မြို့ ကျေးလက်ကျန်းမာရေးဌာန၌ ရဟန်းရှင်လူ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်ပေးသည်။
ဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများသည် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေ ရောဂါကုဆေးရုံအုပ်ကြီး၊ ပဲခူးခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အတူ ဆေးကုသမှု လာရောက်ခံယူကြသည့် ပြည်သူများအား အားပေးစကားပြောကြားကာ အထူးကုဆရာဝန်ကြီးများက ဆေးကုသပေးနေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ဆေးကုသမှုလာရောက်ခံယူကြသည့် ရဟန်းရှင်လူပြည်သူ ၇၀၀ ကျော်ကို နေ့လယ်စာ ထမင်းဘူး၊ ရေသန့်နှင့် အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
အထူးကုဆရာဝန်ကြီးများက ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထွေထွေရောဂါသမားတော်၊ ခွဲစိတ်၊ သားဖွား မီးယပ်၊ မျက်စိ နား နှာခေါင်း လည်ချောင်း၊ အကြောအဆစ်၊ ဓာတ်မှန်၊ သွားနှင့်ခံတွင်း၊ စိတ်ကျန်းမာရေး၊ ကလေး စသည့် အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက အင်းတကော်မြို့ ကျေးလက်ကျန်းမာရေးဌာန နယ်မြေအတွင်းရှိ ကျေးရွာများမှ ရဟန်းရှင်လူပြည်သူ စုစုပေါင်း ၇၀၀ ကျော်ကို ကျန်းမာရေး စစ်ဆေးကုသမှုပြုလုပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


