စစ်တွေ နိုဝင်ဘာ ၈

ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ (၃၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့က စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ တက်ရောက်ကြသည်။

ဦးစွာ  ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက “ဒို့GA”သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားကို ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်၏ အမျိုးသားရေး မျှော်မှန်းချက်နှင့် နိုင်ငံရေး မျှော်မှန်းချက်များ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသည် ပြည်သူကို ဗဟိုပြုသည့် ကောင်းမွန်သော အုပ်ချုပ်ရေးယန္တရား တည်ဆောက်ရေးတွင် အဓိကကျသော ဌာနတစ်ခုဖြစ်ကြောင်း၊ ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ပြီး ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို  ထိရောက် အောင်မြင်စွာ ဆောင်ရွက်ရာတွင် ဥပဒေ၊ နည်း ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ  ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်သူက ယုံကြည်အားထားရသည့် အုပ်ချုပ်ရေး ယန္တရားကောင်း ဖြစ်စေရန်အတွက် နိုင်ငံတော်နှင့် လူမျိုးဂုဏ်သိက္ခာ တို့ကို လေးစားတန်ဖိုးထားပြီး စံနမူနာပြ ဝန်ထမ်းကောင်းများ ဖြစ်အောင် ကြိုးစားဆောင်ရွက် ရမည်ဖြစ်ကြောင်း  ပြောကြားသည်။

ယင်းနောက် ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက “စည်းလုံးခြင်း အတွက် သီချင်းတစ်ပုဒ် သီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြပြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ သမိုင်းကြောင်း video Clip ကို ပြသသည်။

ဆက်လက်၍ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ၊ တာဝန်ရှိသူများက ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သင်တန်းထူးချွန်ဆု၊ အားကစားထူးချွန်ဆု၊ ငါးကြိမ်အထက် သွေးလှူဒါန်းသည့် ဝန်ထမ်းများနှင့် တစ်နှစ်ပတ်လုံး ခွင့်မယူသည့်  ဝန်ထမ်းများကို ဆုများ  ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက “ရခိုင်တို့မြေ လာခဲ့လေ ” သီချင်းဖြင့် သီဆို ကပြဖျော်ဖြေကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများသည် တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေခဲ့ကြသည့် ဝန်ထမ်းများအား ချီးမြှင့်ငွေများပေးအပ်ကာ အခမ်းအနားသို့ တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)