ရန်ကုန် နိုဝင်ဘာ ၉

 

IKO မြန်မာ (International Karate Organization Myanmar) နိုင်ငံတကာ ကရာတေးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် IKO Kids & Youths Championships Myanmar and IKO Weight Category Championships Myanmar 2025 ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ဗဟန်းမြို့နယ်ရှိ ယုဇနဟိုတယ်၌ ကျင်းပသည်။

 

အဆိုပါ ပြိုင်ပွဲတွင် IKO Myanmar Kata နှင့် Kumite အတိုက်ပြိုင်ပွဲများကို ကီလိုတန်းအလိုက် အသက် ၆ နှစ်မှ ၁၈ နှစ် အထိ ကစားသမားများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယ ရရှိကြ‌သော အားကစားသမားများအား International Karate Organization Myanmar(IKO)မှ တာ၀န်ရှိသူများက ဆုတံဆိပ်များ ချီးမြှင့်ကြသည်။

 

"ဒီလိုမျိုးပြိုင်ပွဲတွေကို ကျင်းပခြင်းအားဖြင့် ကလေးတွေက အဓိကရသွားတာတော့ စည်းကမ်းပိုင်းပါ။ ပထမဦးဆုံးကတော့ ကိုယ့်ကိုကိုယ် Control လုပ်ရမယ်။ နောက် စိတ်ရောကိုယ်ရောနစ်ပြီးလုပ်ဖို့၊ နောက်တစ်ခုက ရိုသေလေးစားမှု၊ အာရုံစူးစိုက်မှု၊ ပြီးတော့ တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်း၊ စည်းကမ်းနဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယအပိုင်းပါ။ ဒီလိုပြိုင်ပွဲတွေ လုပ်အားဖြင့် ကလေးတွေဟာ ဒါတွေကို နားလည်လာမယ်။ ဆုရဖို့အတွက်တင်မကပါဘူး။ ဒီပြိုင်ပွဲကနေတစ်ဆင့် နိုင်ငံတကာပြိုင်ပွဲတွေအထိ တက်လှမ်းနိုင်မှာဖြစ်ပါတယ်” ဟု International Karate Organization Myanmar (IKO) ၏ မြန်မာနိုင်ငံ တာဝန်ခံ ဦးမင်းလွင်က ပြောသည်။

 

ယင်းပြိုင်ပွဲသည် တတိယအကြိမ်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သင်တန်းများမှ အသင်း ၁၃ သင်းပါဝင်ပြီး ကစားသမား ၂၀၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

 

လင်းရာမ