မိုးငယ်

 

မြန်မာနိုင်ငံသည် ဆန်စပါးကို အဓိကစိုက်ပျိုး ထုတ်လုပ်သောနိုင်ငံ ဖြစ်ပါသည်။ ဆန်သည် နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူအားလုံးက အဓိကအစားအစာအဖြစ် နေ့စဉ် စားသုံးနေသော စွမ်းအားဖြည့်အာဟာရ ဖြစ်ပါသည်။ ဆန်စပါးသည် မြန်မာနိုင်ငံ၏ အဓိကကျ သည့် စားသုံးကုန်သီးနှံဖြစ်သကဲ့သို့ နိုင်ငံတကာဈေးကွက်သို့ တင်ပို့နိုင်သော မဟာဗျူဟာမြောက်သည့် စိုက်ပျိုးရေးထွက်ကုန်တစ်ခုလည်း ဖြစ်ပါသည်။ 

 

ပြည်ပသို့ နှစ်စဉ်တင်ပို့လျက်ရှိ

 

တစ်နိုင်ငံလုံးရှိ သီးနှံစိုက်ပျိုး ဧရိယာအားလုံး၏ ၃၄ ရာခိုင်နှုန်း၊ စိုက်ဧကအားဖြင့် ဧက ၁၇ သန်း ဝန်းကျင်ကို နှစ်စဉ်စိုက်ပျိုးပြီး စိုက်ပျိုးထွက်ရှိမှု ၏ ၈၀ ရာခိုင်နှုန်းကို ပြည်တွင်းစားသုံးမှုနှင့် စားသောက်ကုန်အမျိုးမျိုး ထုတ်လုပ်မှုတွင် အသုံးပြုပါသည်။ ကျန်ရှိသော ၂၀ ရာခိုင်နှုန်းခန့်ကို ပြည်ပသို့ နှစ်စဉ်တင်ပို့လျက်ရှိပါသည်။

 

ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့မှုကိုကြည့်ပါက ၂၀၂၀-၂၀၂၁ ခုနှစ်တွင် မက်ထရစ်တန် ၁ ဒသမ ၈၇ သန်း၊ ၂၀၂၁-၂၀၂၂ (အောက်တိုဘာ-မတ်) ခုနှစ် တွင် မက်ထရစ်တန် ၁ ဒသမ ၃၈ သန်း၊ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မက်ထရစ်တန် ၂ ဒသမ ၂၆ သန်း၊ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မက်ထရစ်တန် ၁ ဒသမ ၆၈ သန်း နှင့် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မက်ထရစ်တန် ၂ ဒသမ ၄၈ သန်း တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါသည်။ 

 

အဓိက တင်ပို့ရောင်းချလျက်ရှိ

 

လက်ရှိတင်ပို့နိုင်သော ပမာဏထက် တိုးမြှင့်တင်ပို့ခြင်းဖြင့် ပြည်ပဝင်ငွေရရှိရေး ဆောင်ရွက် ကြရမည်ဖြစ်ပါသည်။ ပြည်ပပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးဆောင်ရွက်ကြရာတွင် ပြည်ပ ဈေးကွက်ဝင် အထွက်ကောင်းမျိုးများဖြစ်သော ဆင်းသုခ၊ ရက်-၉၀၊ အောင်နိုင်တိုး၊ နှံကောက်၊ ရတနာတိုး၊ သီးထပ်ရင်၊ မှော်ဘီ-၂၊ မှော်ဘီ-၃၊ ကရင်မ၊ ထွန်းပုနှင့် ငစိန်ရာကျော်၊ အမွှေးရနံ့ ပါရှိသော ပေါ်ဆန်းနှင့် လုံးသွယ်မွှေးတို့ကို ရွေးချယ် စိုက်ပျိုးကြရမည်ဖြစ်ပါသည်။ မြန်မာ့ဆန်ကို တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ ပိုလန်၊ စပိန်၊ ဘူဂေးရီးယား၊ ချက်၊ မက်ဒါဂတ်စကာ၊ တိုဂိုနှင့် နယ်သာလန်နိုင်ငံတို့သို့ အဓိက တင်ပို့ရောင်းချလျက်ရှိပါသည်။

 

မြန်မာနိုင်ငံ၌ စပါးစိုက်ပျိုးထုတ်လုပ်မှုမှာ ပန်းတိုင်အထွက်နှုန်း လျာထားသတ်မှတ်ချက် တစ်ဧက တင်း ၁၀၀ ပြည့်မီကျော်လွန်ရေးအတွက် စိုက်ပျိုးရေးကဏ္ဍ၏ အခြေခံ မျိုး၊ မြေ၊ ရေ၊ နည်း ဆိုသည့် နည်းလမ်းများဖြင့် ဒေသရေမြေ ရာသီဥတုနှင့် သင့်တော်သောဈေးကွက်ဝင် အထွက် ကောင်းမျိုးများ ရွေးချယ်စိုက်ပျိုးခြင်း၊ မြေဆီလွှာ ကျန်းမာသန်စွမ်းစေရန်အတွက် လိုအပ်သော အာဟာရများ စနစ်တကျထည့်သွင်းပေးခြင်း၊ သင့်တော်သော ရေရရှိရေးနည်းလမ်းများဖြင့် စိုက်ပျိုးရေရရှိရေးဆောင်ရွက်ခြင်းနှင့် ခေတ်မီနည်းစနစ်များဖြင့် စိုက်ပျိုးပြုစုခြင်းတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

 

ရေရှည်စီမံကိန်းများချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်ကြရမည်

 

ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားပြီး ပြည်တွင်းစားသုံးမှုဖူလုံ၍ ပြည်ပသို့ တင်ပို့ ရောင်းချနိုင်မှသာ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မည် ဖြစ်ပါသည်။ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှသာ ပြည်သူများ လူမှုစီးပွားဘဝ တိုးတက်မြင့်မားမည် ဖြစ်ပါသည်။ လယ်ယာကဏ္ဍ ပို့ကုန်မြှင့်တင်နိုင်ရေးအတွက် နိုင်ငံ၏ ရေ၊ မြေ၊ ရာသီဥတုနှင့် ကိုက်ညီသည့် စပါးစိုက်ပျိုးထုတ်လုပ်မှုများကို ရေရှည်စီမံကိန်းများချမှတ်၍ အကောင်အထည် ဖော်ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။

 

ပြည်ပဈေးကွက်ဝင် အထွက်ကောင်းမျိုးများ တိုးချဲ့စိုက်ပျိုးခြင်းနှင့် အရည်အသွေးပြည့်မီသည့် ဆန်များ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ပြည်ပပို့ကုန် စပါးအထူးဇုန်များကို ဖော်ဆောင်ကြရမည် ဖြစ်ပါသည်။ အဆိုပါဇုန်များ ဖော်ဆောင်ရာတွင် ကြုံတွေ့လာရမည့် စိန်ခေါ်မှုများကို အခွင့်အလမ်း တစ်ရပ်အနေဖြင့် အသုံးချ၍ အစိုးရ၊ ပုဂ္ဂလိက၊ အသင်းအဖွဲ့ ကဏ္ဍအသီးသီးမှ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါသည်။ 

 

အဆိုပါ အထူးဇုန်ဆိုသည်မှာ ဆန်ထုတ်လုပ် မှုနှင့် တင်ပို့မှုအတွက် အထူးစီမံခန့်ခွဲသည့် ဧရိယာ တစ်ခုဖြစ်ပြီး စိုက်ပျိုးထုတ်လုပ်သည်မှ တင်ပို့ရောင်းချသည်အထိ အစိုးရ-ပုဂ္ဂလိက-တောင်သူ ပူးပေါင်း၍ စီမံဆောင်ရွက်သည့်ဒေသကို ဆိုလိုပါသည်။ ဇုန်များဆောင်ရွက်ရသည့် ရည်ရွယ်ချက် များမှာ အရည်အသွေးကောင်းမွန်သော ဆန်များ ထုတ်လုပ်မှုနှင့် တင်ပို့မှုပမာဏကို တိုးမြှင့်ရန်၊ ပြည်တွင်းမှ လယ်သမားများ၊ အလုပ်သမားများ အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်၊ စိုက်ပျိုးထုတ်လုပ်သူ၊ ဝယ်ယူကြိတ်ခွဲရောင်းချသူနှင့် ပို့ကုန်လုပ်ငန်းရှင်များ ပူးပေါင်းပါဝင်သော ရေရှည်တည်ငြိမ်သော ဈေးကွက်ဖြစ်ပေါ်လာစေရန်နှင့် နိုင်ငံတကာဈေးကွက်သို့ တင်ပို့နိုင်ရန် ဖြစ်ပါသည်။ 

 

ပြည်ပပို့ကုန်စပါးအထူးဇုန်များကို အကောင် အထည်ဖော်ဆောင်ရွက်ရန်အတွက် နေရာရွေးချယ် သတ်မှတ်ရာတွင် ရေ၊ မြေ၊ ရာသီဥတုနှင့် လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်သောဒေသများကို ဦးစားပေးရွေးချယ်ဆောင်ရွက်ရန်၊ မြေပြုပြင်သည်မှ ရိတ်သိမ်းချိန်အထိ ခေတ်မီလယ်ယာသုံး စက်ကိရိယာများကို အသုံးပြုရန် အလားအလာ ရှိသည့်ဒေသဖြစ်ရန် လိုအပ်ပါသည်။ သို့မှသာ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိခြင်း၊ ထွက်ရှိလာသော သီးနှံများကို သယ်ယူရလွယ်ကူပြီး ကြိတ်ခွဲသန့်စင်အခြောက်ခံခြင်းကို အချိန်မီဆောင်ရွက်နိုင်၍ အရည်အသွေးပြည့်မီသော သီးနှံများရရှိခြင်း စသည့်အားသာချက်များ ရရှိမည် ဖြစ်ပါသည်။ 

 

တောင်သူများရှိသည့်ဒေသကို ဦးစားပေးရွေးချယ်ရမည်

 

ထို့အပြင် ရွေးချယ်သတ်မှတ်ထားသော ဈေးကွက်ဝင် အထွက်ကောင်းမျိုးများကို တစ်ကွင်း တစ်စပ်တည်း စိုက်ပျိုးနိုင်သည့်ဒေသကို ဦးစားပေး ရွေးချယ်ဆောင်ရွက်ရမည် ဖြစ်ပါသည်။ နည်း ပညာများကို အပြည့်အဝလိုက်နာဆောင်ရွက်နိုင် ပြီး ပုဂ္ဂလိက၊ ကုမ္ပဏီအသင်းအဖွဲ့များနှင့် လက်ရှိ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသော တောင်သူများရှိသည့်ဒေသကို ဦးစားပေးရွေးချယ်ရပါမည်။ ဇုန်များတွင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများကို လိုက်နာဆောင်ရွက်ကြရန်နှင့် ဈေးကွက်လိုအပ်ချက်အရ ဩဂဲနစ်စိုက်ပျိုးရေးကိုလည်း လိုက်နာဆောင်ရွက်သင့်ပါသည်။ 

 

ပိုးမွှား၊ ရောဂါကာကွယ်နှိမ်နင်းရာတွင် ဘက်စုံပိုးမွှား ရောဂါကာကွယ်နှိမ်နင်းသည့် နည်းစနစ်ကို အသုံးပြုရမည်ဖြစ်ပြီး မြေဆီလွှာဖွံ့ဖြိုးတိုးတက် စေရန်အတွက် သဘာဝမြေဩဇာများ တိုးမြှင့် သုံးစွဲသည့်စနစ်ကို ဖော်ဆောင်သွားကြရမည် ဖြစ်ပါသည်။ အခြေခံအဆောက်အအုံများဖြစ်သည့် ကုန်ထုတ်လမ်းများ၊ သိုလှောင်ရုံများ၊ ကြိတ်ခွဲစက်၊ သန့်စင်စက်၊ အခြောက်ခံစက် စသည်များလည်း ပြည့်စုံရပါမည်။

 

အဆိုပါဇုန်များ အကောင်အထည်ဖော်ခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများမှာ များပြားလှပါသည်။ လယ်သမားများအနေဖြင့် စပါးကုန်သည်များသို့ ရောင်းချခြင်းထက် ပြည်ပသို့တင်ပို့မည့် ဝယ်လက်ကြီးများထံသို့ တိုက်ရိုက်ရောင်းချနိုင်ခြင်း၊ အရည် အသွေးမြင့်သော ဆန်စပါးကို ရောင်းချနိုင်သည့်အတွက် ဈေးကောင်းရကာ ဝင်ငွေပို၍ကောင်းခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ ခေတ်မီနည်းပညာများကို လေ့လာသင်ယူခွင့်ရခြင်း၊ စနစ်ကျစွာ ဖွဲ့စည်းထားသော ဇုန်ဖြစ်သည့်အတွက် ဘဏ်များ၊ ငွေကြေး အဖွဲ့အစည်းများ စသည်တို့ထံမှ ချေးငွေများ လွယ်ကူစွာရရှိခြင်း စသည့်ခံစားခွင့်များကို လယ်သမားများ ရရှိနိုင်မည်ဖြစ်ပါသည်။

 

ထို့ပြင် အရည်အသွေးမြင့်သောဆန်များ ပိုမိုတင်ပို့နိုင်သည့်အတွက် ကမ္ဘာ့ဆန်ဈေးကွက်တွင် ထိုင်း၊ ဗီယက်နမ်တို့နှင့် ယှဉ်ပြိုင်နိုင်ခြင်း၊ ကိုယ်ပိုင်အမှတ်တံဆိပ်တစ်ခု တည်ဆောက်နိုင်ခြင်း၊ မိရိုး ဖလာစိုက်ပျိုးရေးမှ ခေတ်မီစိုက်ပျိုးရေးစနစ်သို့ ကူးပြောင်းရာတွင် အထောက်အကူဖြစ်စေခြင်းနှင့် စံချိန်စံညွှန်းနှင့် ကိုက်ညီသော အရည်အသွေး မြင့်ဆန်များကို ပြည်တွင်းစားသုံးသူများ အနေဖြင့်လည်း ဝယ်ယူစားသုံးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို နိုင်ငံတော်မှ ရရှိမည်ဖြစ်ပါသည်။

 

စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့်လည်း အရည်အသွေးကောင်းသော ဆန်စပါးကုန်ကြမ်း များ ရရှိနိုင်ခြင်း၊ ကုန်ကြမ်းစုဆောင်းရာတွင် ပိုမိုလွယ်ကူပြီး သယ်ယူပို့ဆောင်ရေးစရိတ် သက်သာ နိုင်ခြင်းနှင့် ကုန်ကြမ်းပြတ်လပ်မှု ပြဿနာနည်းပါးခြင်း စသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ပါသည်။ ဇုန်အတွင်းတွင် စိုက်ပျိုးရေးဆိုင်ရာ ညွှန်ကြားချက်များ ချမှတ်နိုင်သည့်အတွက် မြေဆီလွှာထိန်းသိမ်းခြင်း၊ ရေအရင်းအမြစ်ထိရောက်စွာအသုံးချခြင်းနှင့် ဓာတုဆေးဝါးထိန်းချုပ် အသုံးပြုခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

 

အထူးဇုန်လုပ်ငန်းစီမံချက်ကို ချမှတ်ဆောင်ရွက်နိုင်ခဲ့

 

ဇုန်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရှိ ဦးစီးဌာနများနှင့် မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ်တို့သည် ဩဂုတ် ၁၈ ရက်တွင် ရုံးအမှတ် (၁၅) အစည်းအဝေးခန်းမတွင် တွေ့ဆုံ၍ ဆန်စပါးတင်ပို့မှု အထူးဇုန်လုပ်ငန်း စီမံချက်ကို ချမှတ်ဆောင်ရွက်နိုင်ခဲ့ပါသည်။

 

စပါးတင်ပို့မှုဇုန်များ စိုက်ပျိုးခြင်းကို ၂၀၂၅-၂၀၂၆ ခုနှစ်၊ နွေစပါးရာသီမှစ၍ နွေစပါးနှင့် မိုးစပါး စုစုပေါင်းဧက ခြောက်သိန်းကျော်ဖြင့် စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားကြမည် ဖြစ်ပါသည်။ ဇုန်များ သတ်မှတ်ဆောင်ရွက်ရာတွင် မျိုးလိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေးအတွက် မျိုးစေ့ထုတ်လုပ်ငန်းများကိုလည်း တစ်ပြိုင်တည်း ဟန်ချက်ညီညီ စိုက်ပျိုးသွားမည်ဖြစ်ပါသည်။ အဆိုပါမျိုးစေ့ထုတ်လုပ်ငန်းများအတွက် အရင်း မပျောက်မတည်ငွေအဖြစ် တစ်ဧကလျှင် ငွေကျပ် နှစ်သိန်းခွဲနှုန်းဖြင့် ဧက ၅၀၀၀ အတွက် ကျပ် ၁ ဒသမ ၂၅ ဘီလီယံကို အတိုးမဲ့ ထုတ်ချေးသွားမည် ဖြစ်ပါသည်။

 

ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များအနေဖြင့် ဆန်စပါးတင်ပို့မှု အထူးဇုန်များ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးအတွက် စည်းမျဉ်းများ ၊ စံလုပ်ထုံး လုပ်နည်းများနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်သွား ကြရမည်ဖြစ်ပါသည်။ ၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါးရာသီမှ စတင်ဆောင်ရွက်နိုင်ရေးအတွက် မျိုးစေ့ထုတ်လုပ်ငန်းများအား အားပေးကူညီဆောင်ရွက် သွားကြရမည် ဖြစ်ပါသည်။ ခေတ်မီစိုက်ပျိုးရေး နည်းပညာများနှင့် ဈေးကွက်သတင်းအချက် အလက်များမျှဝေမှုများကို ပုံမှန်ဆောင်ရွက်သွား ကြရမည်ဖြစ်ပါသည်။ ဇုန်တစ်ခုချင်းစီအား အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ထားပြီး ဇုန်တစ်ခု ချင်းစီ၏ စွမ်းဆောင်ရည်ကို စောင့်ကြည့်လေ့လာခြင်းနှင့် တိုးတက်မှုသုံးသပ်ရေးစနစ် (Monitoring and Evaluation) ကို ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ 

 

ရေရှည်တည်တံ့ အောင်မြင်သောဇုန်များကို ဆက်လက်တိုးချဲ့ ဆောင်ရွက်နိုင်မည်

 

ဆည်မြောင်းတာတမံ၊ လျှပ်စစ်မီး၊ လမ်းပန်း ဆက်သွယ်ရေး၊ အခြေခံအဆောက်အအုံများ ကောင်းမွန်ရန် တည်ဆောက်ပြင်ဆင်ထိန်းသိမ်းပေးခြင်း၊ လယ်သမားများအတွက် ငွေကြေးဆိုင်ရာ ပံ့ပိုးမှု (ချေးငွေနှင့် သီးနှံအာမခံလုပ်ငန်း)၊ ထိရောက် သောဈေးကွက်ရရှိရေးအတွက် တင်ပို့မည့် နိုင်ငံ များနှင့် သဘောတူညီချက်ရရှိရေးစသည်တို့ ဆောင်ရွက်ပေးခြင်းဖြင့် ရေရှည်တည်တံ့အောင် မြင်သောဇုန်များကို ဆက်လက်တိုးချဲ့ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

 

ထိုသို့ ဟန်ချက်ညီညီ ဆောင်ရွက်နိုင်ပါက ပြည်ပပို့ကုန်စပါးအထူးဇုန်စနစ်သည် ကမ္ဘာ့အဆင့် မီ မြန်မာ့ဆန်လုပ်ငန်းတစ်ခုအဖြစ် ပြောင်းလဲနိုင် မည့် အခွင့်အလမ်းတစ်ခုဖြစ်ပါသည်။ သို့ဖြစ်ရာ အစိုးရ-လယ်သမား-ပုဂ္ဂလိကစီးပွားရေးလုပ်ငန်း ရှင်များပူးပေါင်း၍ စပါးတင်ပို့မှု အထူးဇုန်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။    ။