မနီလာ နိုဝင်ဘာ ၁၀

 

ဖိလစ်ပိုင်နိုင်ငံ၌ တိုင်ဖွန်းမုန်တိုင်းဖန်ဝမ်ကြောင့် ရေကြီးရေလျှံမှုနှင့် လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူနှစ်ဦး သေဆုံးခဲ့ကြောင်း၊ ယခုအခါ တိုင်ဖွန်းမုန်တိုင်းဖန်ဝမ်သည် တောင်တရုတ်ပင်လယ်ကိုဖြတ်၍ မြောက်-အနောက်မြောက်ဘက်သို့ ဦးတည်ရွေ့လျားလျက် ရှိကြောင်း အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်တွင် ဖော်ပြသည်။

 

အဆိုပါ တိုင်ဖွန်းမုန်တိုင်းသည် နိုဝင်ဘာ ၉ ရက် ညပိုင်းက နိုင်ငံမြောက်ပိုင်း လူဇုန်ကျွန်းပေါ်သို့ ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း၊ လူပေါင်းတစ်သန်းကျော် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရကြောင်း အဆိုပါသတင်း၌ ဆက်လက်ဖော်ပြသည်။ မုန်တိုင်းကြောင့် နေအိမ်နှင့် အခြားအဆောက်အအုံများ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားခဲ့သည်။

 

ပြီးခဲ့သည့် သီတင်းပတ်ကလည်း တိုင်ဖွန်းမုန်တိုင်းခန့်မေဂီ ဖိလစ်ပိုင်နိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့ရာ လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ကြောင်း အင်န်အိတ်ချ်ကေက ဖော်ပြသည်။ ထို့ပြင် လူပေါင်းတစ်ရာကျော် ပျောက်ဆုံးလျက်ရှိကြောင်း၊ အဆိုပါမုန်တိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း အထူးသဖြင့် စီဘူးပြည်နယ်၏နာမည်ကြီး အပန်းဖြေစခန်းနေရာ အများအပြား ကြီးကြီးမားမား ထိခိုက် ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သတင်း တွင် ဆက်လက်ဖော်ပြသည်။

မုန်တိုင်းဖန်ဝမ် လမ်းကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ရေကြီးရေလျှံခြင်းနှင့် ရွှံ့မြေပြိုကျခြင်းတို့ ဖြစ်ပေါ်နိုင်သည့်အတွက် သတိရှိကြရန် တာဝန်ရှိသူများက တိုက်တွန်းထားသည်။

 

အင်န်အိတ်ချ်ကေ