နေပြည်တော် နိုဝင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်များတွင် တာဝန်ထမ်းဆောင်နေကြသော လုံခြုံရေး ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်လျက်ရှိသည့် မြန်မာ့ရိုးရာ သိုင်းသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစား ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ကမ္ဘာလှည့်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများ၊ ရန်ကုန်တိုင်းဒေသကြီး မြန်မာ့သိုင်းဆပ်ကော်မတီဥက္ကဋ္ဌ၊ သင်တန်းနည်းပြဆရာများ၊ သင်တန်းသားများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဟိုတယ်များမှ လုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှုပေးနေသော ဝန်ထမ်းများအား မြန်မာ့ရိုးရာ သိုင်းသင်တန်းဖွင့်လှစ်ပေးခြင်းသည် မြန်မာ့သိုင်းပညာရပ်များ ပြန့်ပွားရေးအတွက် သာမက မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ပြန်လည်ဖော်ထုတ် ထိန်းသိမ်းတတ်စေမည်ဖြစ်ကြောင်း၊ မြန်မာ့ရိုးရာသိုင်းသင်တန်းများကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ညောင်ရွှေ စသည့် ခရီးစဉ်ဒေသများတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ပါဝင်တက်ရောက်သူများ အနေဖြင့် သင်တန်းမှ ရရှိခဲ့သည့် ဗဟုသုတများ၊ အတွေ့အကြုံကောင်းများကို မိမိတို့နယ်ပယ်ပတ်ဝန်းကျင်သို့ မျှဝေပေးနိုင်ရေး ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားပြီး သင်တန်းသားများအား သင်တန်းဆင်း အောင်လက်မှတ် ပေးအပ်ကာ နည်းပြဆရာများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းထူးချွန်ဆုရ သင်တန်းသားများအား ဂုဏ်ပြုဆု ပေးအပ်ချီးမြှင့်ပြီး သင်တန်းသားများက မြန်မာ့ရိုးရာ အခြေခံသိုင်းပညာဖြင့် သရုပ်ပြသခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


