နိုဝင်ဘာ ၁၀ ရက် နံနက် ၂ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်လာလီဂါပွဲစဉ် (၁၂) တွင် နာမည်ကြီးဘာစီလိုနာအသင်းက အသင်းအဓိကတိုက်စစ်ကစားသမား လီဝမ်ဒေါစကီး၏ ဟက်ထရစ်သွင်းဂိုးနှင့်အတူ လေးဂိုး-နှစ်ဂိုးဖြင့် ဆဲလ်တာဗီဂိုအသင်းကို အနိုင်ရရှိခဲ့သည်။
ဦးဆောင်သူ ရီးရဲမက်ဒရစ်အသင်းနှင့် ရမှတ်ကွာဟမှုလျှော့ချနိုင်ရေး အသင်းကိုအကောင်းဆုံး ပြင်ဆင်လာသည့် ဘာစီလိုနာအသင်းသည် ဆဲလ်တာဗီဂိုအသင်းကို အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရပြီး ပထမပိုင်းတွင် လီဝမ်ဒေါစကီး၊ ယာမဲလ်တို့၏ သွင်းဂိုးများနှင့်အတူ သုံးဂိုး - နှစ်ဂိုးဖြင့် ဦးဆောင်ကစားနိုင်ခဲ့သည်။ ဆဲလ်တာဗီဂိုအသင်းသည် ပြိုင်ဘက်အသင်း၏ တိုက်စစ်ဆင်ကစားမှုအောက် ခက်ခက်ခဲခဲရုန်းကန်ခဲ့ရသော်လည်း ရရှိလာသည့် အခွင့်အရေးကို အမိအရအသုံးချကာ သွင်းဂိုးများ ရယူနိုင်ခဲ့သည်။ တစ်ဦးချင်းစွမ်းဆောင်ရည်နှင့် အသင်းလိုက် စွမ်းဆောင်ရည်ပိုင်းတွင် သာလွန်မှုရှိသည့် ဘာစီလိုနာအသင်းက ပွဲချိန်အများစု ထိန်းချုပ်ကစားနိုင်ခဲ့ပြီး အရေးပါသည့်နိုင်ပွဲကို ဖော်ဆောင်နိုင်ခဲ့သည်။
အသက် ၃၇ နှစ်အရွယ်ရှိ တိုက်စစ်ကစားသမား လီဝမ်ဒေါစကီးသည် ယခုပွဲစဉ်တွင် ဟက်ထရစ်ရယူနိုင်ခဲ့သောကြောင့် လာလီဂါပြိုင်ပွဲတွင် ဟက်ထရစ်ရယူနိုင်မှု သုံးကြိမ်ရှိလာပြီဖြစ်သည်။ ဘာစီလိုနာအသင်းတိုက်စစ် ကစားသမား မားကပ်စ်ရက်ဖို့ဒ်သည်လည်း ခြေစွမ်းကောင်းအချို့ပြသနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု နှစ်ကြိမ်ပြုလုပ်နိုင်ခဲ့သည်။ ပွဲကစားချိန် ပြည့်ခါနီးတွင် ဘာစီလိုနာအသင်း ကွင်းလယ်ကစားသမား ဖရန့်ကီဒီဂျောင် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသည်။ ဘာစီလိုနာအသင်းသည် ယခုအနိုင်ပွဲကြောင့် ဦးဆောင်သူ ရီးရဲမက်ဒရစ်အသင်းနှင့် သုံးမှတ်အကွာသို့ ရောက်ရှိလာပြီဖြစ်သည်။
အောင်ဇော်


